အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ
စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ
Horizon Lake View Hotel ၌ ဆက်လက်ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ
တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊
မလေးရှား၊ မြန်မာ၊ လာအိုနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်
ဆွေးနွေးပွဲ လေ့လာသူအဖြစ် တက်ရောက်သည့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့တွင် သင်တန်းဆရာများက ဦးဆောင်၍
ဆွေးနွေးပွဲတက်ရောက်လာကြသူများသည် အစိုးရပြောရေးဆိုခွင့်ရှိသူများ အနေဖြင့် လူထုနှင့်
ထိရောက်သော ဆက်ဆံရေးဆောင်ရွက်နိုင် ရန်အတွက် ပြင်ဆင်ထားရှိရမည့် စိတ်နေစိတ်ထား၊ အသံအနေအထားနှင့်
ကိုယ်ဟန်အနေအထား ဆိုင်ရာ၊ မီဒီယာများနှင့်ချိတ်ဆက်၍ သတင်းစာရှင်းလင်းပွဲကျင်းပမှုဆိုင်ရာ၊
တွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်မှုဆိုင်ရာ၊ မီဒီယာများနှင့် ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ၊
ဝက်ဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာ အသုံးပြုခြင်းဆိုင်ရာ အကြောင်းအရာများကို အဖွဲ့လိုက်ဆွေးနွေးကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ
၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာ ကျင်းပသွား မည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံဒေသတွင်းရှိ
အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့်အစိုးရတာဝန်ရှိသူများအကြား
ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့်
အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်
လိုအပ်သောကျွမ်းကျင်မှုနှင့် အသိပညာများဖလှယ်နိုင်ရန် ရည်ရွယ်ပြီး အာဆီယံပြန်ကြားရေး
ဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပခြင်းဖြစ်သည်။
ယနေ့ ဆွေးနွေးပွဲအစီအစဉ်များအပြီးတွင်
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် သင်တန်းနည်းပြများသည် ပြည်ထောင်စုနယ်မြေ
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို
သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments