သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ
ဆရာတော်အရှင်မြတ်တို့ဘုရား-
ဤအစည်းအဝေးသည် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
(၄၇)ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေးဖြစ်၍ အဋ္ဌမအကြိမ် (၆)နှစ်သက်တမ်းပြည့်ပြီးသည့်အားလျော်စွာ
အချို့သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များအတွက် နောက်ဆုံးအစည်းအဝေး ဖြစ်ပါသည်ဘုရား။
လစ်လပ်သွားမည့် ဆရာတော်များနေရာတို့အတွက် အစားထိုးရွေးချယ်ခြင်းများကိုလည်း သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း
လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစီမံချက်များနှင့်အညီ ဆောင်ရွက်တော်မူကြရမည်ဖြစ်ပါသည်
ဘုရား။
ထိုသို့ အစားထိုးရွေးချယ်ခြင်းများကို
ဆောင်ရွက်တော်မူကြရာ၌ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စရပ်များကို စိတ်ပါဝင်စား၍
စွမ်းစွမ်းတမံဆောင်ရွက်နိုင်မည့် ဗျတ္တ၊ ပဋိဗလဖြစ်သော ဆရာတော်များကို ပြဋ္ဌာန်းသတ်မှတ်ထားသည့်
စည်းမျဉ်း လုပ်ထုံးလုပ်နည်း၊ စီမံချက်များနှင့်အညီ ရွေးချယ်တော်မူကြရန် အထူးလျှောက်ထားလိုပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ကြမည့်
ဆရာတော်တို့အနေဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများကို စိတ်ပါဝင်စား၍
စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့် ဗျတ္တ၊ ပဋိဗလ ပုဂ္ဂိုလ်များဖြစ်ကြရမည့်အပြင် သံဃာ့အဖွဲ့အစည်းတို့သည်လည်း
နိုင်ငံတော်တစ်ဝန်းလုံးရှိ ရဟန်းရှင်လူအားလုံးတို့၏ ယုံကြည်ကိုးစားအားထားရာ အဖွဲ့အစည်းများဖြစ်ရန်
လိုအပ်ပါသည်ဘုရား။ သို့မှသာဘုရားရှင်၏ သာသနာတော်မြတ်ကြီးသည် မြန်မာပြည်မှာသာမက ကမ္ဘာအရပ်ရပ်သို့တိုင်
သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်မည် ဖြစ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော
အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ မဟာဝဂ်၊ ဥပေါသထသုတ်လာ သာသနာတော်၏ အံ့ဖွယ်တော်ရှစ်ဖြာကို
အကျဉ်းချုပ်လျှောက်ထား လိုပါသည်ဘုရား။
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဝိသာခါကျောင်းအမကြီး
ဆောက်လုပ်လှူဒါန်းသည့် ပုဗ္ဗာရုံကျောင်း၌ ဥပုသ်နေ့တွင် ရဟန်းသံဃာတော်များခြံရံလျက်
သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ အရှင်အာနန္ဒာက “အရှင်ဘုရား သာယာဖွယ်ညချမ်း၏ ပထမယာမ်အချိန်တွင်
ရဟန်းအပေါင်းလည်း အချိန်ကြာမြင့်စွာ သီတင်းသုံးလျက်ရှိပါပြီ၊ ပါတိမောက်ပြတော်မူပါဘုရား” ဟု လျှောက်ထားလေရာ ဘုရားရှင်သည် ဆိတ်ဆိတ်နေတော်မူပါသည်။
ညဉ့်၏ဒုတိယယာမ်တွင် လျှောက်ထားသော်လည်း ဆိတ်ဆိတ်နေတော်မူမြဲနေတော်မူပါသည်။ တတိယယာမ်တွင်
အရှင်အာနန္ဒာက ထပ်မံလျှောက်ထားသောအခါတွင်မူ “အပရိသုဒ္ဓါ အာနန္ဒ ပရိသာ၊ အာနန္ဒာ ပရိသတ်သည်မစင်ကြယ်” ဟုသာ မိန့်တော်မူခဲ့ပါသည်။
ထိုအခါ အရှင်မဟာမောဂ္ဂလာန်မထေရ်က ရဟန်းတော်အပေါင်းတွင်
ရောနှောပါဝင်လျက်ရှိသော ဒုဿီလပုဂ္ဂိုလ်ကို “ ငါ့ရှင် သံဃာအတွင်းမှ ထွက်ခွာသွားပါ။ ငါ့ရှင်အဖြစ်ကို
ဘုရားရှင်မြတ်သိတော်မူ၏။ သင့်တွင် ရဟန်းအပေါင်းနှင့်ဆက်ဆံခွင့်မရှိ” ဟု ပြောဆိုနှင်ထုတ်တော်မူသည်။ ထိုသို့ပြောဆိုပါသော်လည်း
ဒုဿီလရဟန်းသည် ထွက်ခွာခြင်းမရှိ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် (၃)ကြိမ်တိုင်တိုင်ထွက်ခွာရန်
ပြောဆိုနှင်ထုတ်ပါသော်လည်း ထွက်ခွာခြင်းမရှိသည့်အတွက် ထိုဒုဿီလကို လက်မောင်းမှဆွဲ၍
တံခါးအပြင်ဘက်ထုတ်ကာ တံခါးကိုပြန်ပိတ်တော်မူရပါသည်။ ထို့နောက် ဘုရားရှင်ထံ ဒုဿီလပုဂ္ဂိုလ်ကို
နှင်ထုတ်အပ်ပြီးကြောင်း လျှောက်ထားရာ ဘုရားရှင်က “ဆွဲထုတ်မှ ထွက်သွားရသလား၊ မောဂ္ဂလာန်ရယ်
” ဟု သံဝေဂဖြင့် မိန့်ကြားတော်မူခဲ့ပါသည်ဘုရား။
ဤအကြိမ်မှစတင်ကာ ဘုရားရှင်ကိုယ်တော်တိုင်
ဥပုသ်နေ့ ပါတိမောက်ရွတ်ဆိုဥပုသ်ပြုခြင်းမှ ရပ်နားတော်မူ၍ ရဟန်းတော်တို့ကိုသာ ဥပုသ်ပြုစေတော်မူခဲ့ပါသည်။
ဤအဖြစ်အပျက်ကို ရည်ညွှန်းတော်မူ၍ မဟာသမုဒ္ဒရာ၏ အံ့ဖွယ်တော်ရှစ်ပါးနှင့် သာသနာတော်၏
အံ့ဖွယ်တော်ရှစ်ပါးကို နှီးနှောဟောပြတော်မူခဲ့ပါသည်ဘုရား။
မဟာသမုဒ္ဒရာ၏ အံ့ဖွယ်ရှစ်ပါးကို “အစဉ်နက်ဝှမ်း၊
ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ငံမျိုးရသာ၊ များရတနာနှင့်၊
ကြီးသူနေရာ၊ ဤရှစ်ဖြာသည်၊ မဟာသမုဒ္ဒရာ အံ့ဖွယ်တည်း” ဟူသောလင်္ကာဖြင့် အကျဉ်းမှတ်သားနိုင်ပါသည်ဘုရား။
“ အစဉ်နက်ဝှမ်း” ဟူသည် မဟာသမုဒ္ဒရာ၏ ရေပြင်သည်ကမ်းမှစ၍ တဖြည်းဖြည်းနက်ရှိုင်းသွားရသည်။
ကမ်းအစ၌ နက်ရှိုင်းရိုးမရှိ။ ထို့အတူ ဘုရားရှင်၏ သာသနာအဆုံးအမအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်သူသည်
အစဉ်အတိုင်းကျင့်စဉ်တို့ကို ကျင့်ရသည်။ တစ်ခါတည်း အရဟတ္တဖိုလ်သို့ တက်လှမ်းနိုင်မည်မဟုတ်ပါ။
“ကမ်းကိုမလွန်” ဟူရာ၌ မဟာသမုဒ္ဒရာရေတို့သည် ကမ်းကိုမလွန်မူ၍
တည်ရှိသကဲ့သို့ ဘုရားရှင်၏တပည့်သား သာဝကတို့သည် ဘုရားရှင်ပညတ်တော်မူသည့် သိက္ခာပုဒ်တို့ကို
လွန်ကျူးခြင်းမပြုကြကုန်။
“ရွံဖွယ်ဆယ်ပစ်” ဟူသည် မဟာသမုဒ္ဒရာအတွင်း ရွံရှာဖွယ်သူသေအလောင်းတို့ကို
သမုဒ္ဒရာသည် ကြာရှည်စွာ လက်မခံ၊ ကမ်းပေါ်သို့ အလျင်အမြန်ပြန်ပို့သကဲ့သို့ ဘုရားရှင်၏
သာသနာတော်ဝယ် သီလမရှိ ယုတ်မာသောအကျင့်ရှိသူ၊ ရဟန်းမဟုတ်သူတို့ကို ရဟန်းတော်အပေါင်းက
အာမိသ သမ္ဘောဂ ဓမ္မသမ္ဘောဂအဖြစ် ပေါင်းသင်းဆက်ဆံခြင်းမပြု၊ အလျင်အမြန် ဖယ်ရှားသုတ်သင်နှင်ထုတ်ပစ်၏။
“တစ်မည် ဖြစ်ခြင်း” ဟူသည် ဂင်္ဂါ၊ ယမုနာ၊ အစိရဝတီ၊ သရဘူ၊ မဟီ
ဟူသော မြစ်ကြီးငါးသွယ်တို့သည် မဟာသမုဒ္ဒရာသို့ စီးဝင်ပြီးသောအခါ မိမိတို့၏ အမည်ဖြစ်သော
မြစ်အမည်တို့ ကင်းပျောက်၍ မဟာသမုဒ္ဒရာဟူသော အမည်တစ်မျိုးကိုသာ ခံယူကြရလေသည်။ ထိုနည်းတူစွာ
မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ လူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် ဘုရားရှင်၏
ဗြဟ္မစရိယသာသနာတော်သို့ ဝင်ရောက်၍ ရှင်ရဟန်းအဖြစ်ဖြင့် ခံယူကျင့်သုံးကြပါက မိမိတို့၏
မူရင်းအမျိုးအနွယ်အမည်တို့ ကွယ်ပျောက်ကြကာ သာကီမျိုးရိုး ဘုရားသားတော်ရဟန်းများအမည်ကိုသာ
ခံယူကြရပါသည်။
“မယွင်း မတိုး” ဟူသည် အရပ်မျက်နှာအသီးသီးမှ မြစ်များသည်
သမုဒ္ဒရာသို့ စီးဆင်းကြ၏။ ကောင်းကင်အရပ်မှ မိုးရေအလျဉ်များရွာချ၏။ ထိုစီးဝင်ကြသော ရေ၊
ရွာချကြသော မိုးရေတို့ကြောင့် မဟာသမုဒ္ဒရာအတွက် ရေနည်းပါးယုတ်လျော့သွားခြင်း၊ ရေများတိုးပွားများပြားလာခြင်းမဖြစ်သကဲ့သို့
များလှစွာသော ဘုရားရှင်၏ တပည့်သားသာဝကတို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရ၍ ပရိနိဗ္ဗာန်ပြုကြသော်လည်း
အငြိမ်းဓာတ် နိဗ္ဗာနသုခအရပ်၌ ယုတ်လျော့သွားသည်၊ တိုးပွားလာသည်ဟု မထင်နိုင်ပါ။
“ငံမျိုး ရသာ” ဟူသည် ကျယ်ပြောလှသည့် မဟာသမုဒ္ဒရာသည် အငံဓာတ်
ဆားအရသာတစ်ခုတည်းရှိသကဲ့သို့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ဖြင့် အကျယ်တဝင့်
မိန့်ကြားခဲ့သော ဘုရားရှင်၏ အဆုံးအမသာသနာသည် သံသရာဝဋ်မှ လွတ်မြောက်ခြင်းရသတစ်ခုသာ ရှိပါသည်ဟု
ဆိုလိုပါသည်ဘုရား။
“များရတနာနှင့်” ဟူသည် မဟာသမုဒ္ဒရာ၌ ပုလဲ၊ ပတ္တမြားစသော
(၁၀)ပါးသော ရတနာတို့ရှိသကဲ့သို့ ဘုရားရှင်၏သာသနာတွင် သတိပဋ္ဌာန်(၄)ပါး၊ သမ္မပ္ပဓာန်(၄)ပါး၊
ဣဒ္ဓိပါဒ်(၄)ပါးစသော မြောက်မြားလှစွာသော ရတနာတို့ရှိကြပါသည်ဘုရား။
“ကြီးသူနေရာ” ဟူသည် မဟာသမုဒ္ဒရာသည် ယူဇနာတစ်ရာ့ နှစ်ဆယ်
စသည် ပမာဏရှိသော တိမိ၊ တိမိင်္ဂလစသော သတ္တဝါကြီး တို့၏ ပျော်စံရာနေရာဖြစ်သကဲ့သို့ ဘုရားရှင်၏
သာသနာတော်သည်လည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်များ၊ သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်ဖြစ်ရန် ကျင့်ကြံနေကြသော ပုဂ္ဂိုလ်များသာ မွေ့လျော်နိုင်သော
နေရာဖြစ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
ဘုရားတပည့်တော်လျှောက်ထားလိုသည်မှာ
အံ့ဖွယ်ရှစ်ဖြာနှင့် ပြည့်စုံသည့် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို အစဉ်တစိုက် အံ့ဖွယ်ရှစ်ဖြာနှင့်ပြည့်စုံစေရန်
ထိန်းသိမ်းရမည်မှာ ဘုရားရှင်၏ တပည့်သာဝကများ၏ တာဝန်သာဖြစ်ပါသည်ဘုရား။ သုံးခုမြောက်အံ့ဖွယ်ဖြစ်သည့်
ဒုဿီလအညစ်အကြေးများကို သာသနာတော်အတွင်းမှ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် အရှင်မဟာမောဂ္ဂလာန်ကဲ့သို့
သာသနာတော်အပေါ် တာဝန်ကျေသည့် ဗျတ္တပဋိဗလပုဂ္ဂိုလ်များ များစွာလိုအပ်ပါသည်ဘုရား။ လေးခုမြောက်အံ့ဖွယ်ဖြစ်သည့်
မည်သည့်အမျိုးအနွယ်က ရဟန်းပြုခဲ့သည်ဖြစ်စေ၊ သာကီမျိုးသာကီနွယ်ဘုရား သားတော်ရဟန်းတော်များဟုသာ
အမည်ခံရမည်ဖြစ်ပါသည်ဘုရား။ ဘုရားတပည့်တော်တို့ခေတ်တွင်မူ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှဖြစ်စေ၊
သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းတွင် တရားဝင်ခွင့်ပြုထားသည့် ဂိုဏ်းကြီး(၉)ဂိုဏ်းမှဖြစ်စေ
တိုင်းအလိုက်၊ ဂိုဏ်းအလိုက်မခွဲခြားမူ၍ ဘုရားသားတော်ရဟန်းတော်များအဖြစ် ညီတော်နောင်တော်များ
တော်စပ်ကြသည်ဖြစ်ရာ ညီညီညွတ်ညွတ် သမဂ္ဂသမ္မောဒမာနဖြစ်ကြ၍ သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားစေရန်
ဆောင်ရွက်ကြရမည်ဖြစ်ပါသည်ဘုရား။
ခြောက်ခုမြောက် အံ့ဖွယ်ဖြစ်သည့် မြတ်စွာဘုရားရှင်၏
ဒေသနာများသည် ဝေနေယျဇ္စျာသယအားလျော်စွာမည်သို့ပင် အကျယ်ဟောကြားထားသော်လည်း တစ်ခုတည်းသောရသအဖြစ်
ဝိမုတ္တိရသသာဖြစ်ပါသည်ဘုရား။ ဘုရားတပည့်တော်တို့ ဘုရားသားတော်ညီတော် နောင်တော်တို့အနေဖြင့်
အံ့ဖွယ်တော်ရှစ်ဖြာနှင့် ပြည့်စုံတော်မူသည့် သာသနာတော်မြတ်ကြီးကို ကာကွယ်စောင့်ရှောက်ရန်
အရေးကြီးသော တာဝန်တစ်ရပ်မှာ ယင်းဝိမုတ္တိရသကိုရရှိရန် အားထုတ်နိုင်ရေးပင် ဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်
အရှင်မြတ်တို့အနေဖြင့် အံ့ဖွယ်ရှစ်ဖြာနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ သာသနာတော်မြတ်ကြီး
သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ညီညီညွတ်ညွတ် ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် အောင်အောင်မြင်မြင်
ဆောင်ရွက်နိုင်ရေး မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရှစ်ဖြာ သာသနာတော်လာအင်္ဂါရပ်တို့ကို ပွားများဆင်ခြင်နှလုံးထားတော်မူကြ၍
ဝိမုတ္တိရသနှင့်ကိုယ်တိုင်လည်း ပြည့်စုံအောင်၊ အခြားဘုရားသားတော်တပည့်များ၊ ဒါယကာ၊
ဒါယိကာမများကိုလည်း ပြည့်စုံအောင် ကြိုးစားအားထုတ်တိုက်တွန်းပေး တော်မူကြပါဟု လျှောက်ထားလျက်တပည့်တော်၏
သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်အပ်ပါသည် နိုင်ငံတော် သံဃမဟာနာယကဆရာတော်အရှင်မြတ်တို့ဘုရား။

No comments