မြတ်သောရွှေသင်္ကန်း ကပ်လှူပူဇော် ဗုဒ္ဓဘုရားရှင်ကို ကြည်ညိုသဒ္ဓါပွားများ
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည်
ထေရဝါဒဗုဒ္ဓဘာသာကို ထူးကဲပူဇော် ကိုးကွယ်ဆည်းကပ်သည့် နိုင်ငံဖြစ်သဖြင့်
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။
ထေရဝါဒဗုဒ္ဓဘာသာ၏ အထင်အရှား အထွတ်အမြတ် အထိမ်းအမှတ်လက္ခဏာအဖြစ် တန်ခိုးကြီး သမိုင်းဝင်
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုနိုင်သည်။ ရွှေတိဂုံစေတီတော်သို့
နေ့စဉ်မပြတ် လာရောက်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးပြည်သူများ ၏စိတ်ဝယ်
ရွှေတောင်ကြီးအလားတင်စား၍ ရင်သပ်ရှုမောအံ့ဩဘနန်း ဖူးမြော်ရသည်မှာ ကျက်သရေမင်္ဂလာ အပေါင်းနှင့်
ကောင်းခြင်းများစွာကို ရရှိကြရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသည်
မြန်မာနိုင်ငံ၏ အထင်ကရစေတီတော်မြတ်ကြီးဖြစ်ပြီး ထေရ်ကြီးဝါကြီး
အဓိပတိဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့်
စေတနာရှင်ပြည်သူများက အစဉ်အဆက် ပြုပြင်မွမ်းမံ ထိန်းသိမ်းပူဇော်ခဲ့ခြင်းကြောင့်
ယနေ့ထက်တိုင်တည်တံ့ခိုင်မြဲ ရွှေရောင်လင်းလက် ထွန်းလင်းတောက်ပနေဆဲဖြစ်သည်။
ရွှေတောင်ကြီးပမာ ကြည်ညိုသဒ္ဓါ ပွားဖွယ်ကောင်းသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား
ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မှုအနေဖြင့် ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင်
ငှက်ပျောဖူးတော်ကို ရွှေပြား သင်္ကန်းဖြင့် စတင်ကပ်လှူပူဇော်ခဲ့သည်ဟု
ရွှေတိဂုံစေတီတော်သမိုင်းတွင် မှတ်တမ်းတင်ထားသည်။
ထို့နောက် ၁၉၃၆ ခုနှစ်တွင်
ဒုတိယဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀
ပြည့်နှစ်အထိ သုံးနှစ်လျှင်တစ်ကြိမ်၊ လေးနှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြသည်။
ယင်းနောက် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ လေးနှစ်လျှင်တစ်ကြိမ်၊ ငါးနှစ်လျှင် တစ်ကြိမ်
ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပြီး ယင်းကာလအတွင်း နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေး အန္တရာယ်အပါအဝင်
အကြောင်းအမျိုးမျိုးတို့ကြောင့် ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူ
ပူဇော်ခဲ့ကြသည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ (နှစ်ပေါင်း ၄၀ ခန့် ကာလအတွင်း)
ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် တွင် (၉) ကြိမ်မြောက်
လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက်
ငြမ်းစေတီကို ၂၀၂၄ ခုနှစ် စက်တင်ဘာ လ ၂၄ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး အောက်တိုဘာလ
၁၈ ရက်နေ့မှစ၍ မင်္ဂလာရထားပျံဖြင့် ရွှေပြား သင်္ကန်းတော်များကို
စတင်ကပ်လှူပူဇော်ခဲ့ရာ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းခန့်
ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးအား
ရွှေပြားရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို အများပြည်သူ ကုသိုလ်သဒ္ဓါများဖြင့်
လှူဒါန်းခြင်းဖြစ်၍ ထူးကဲမွန်မြတ် ပါပေသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည်
ရွှေတိဂုံစေတီတော် ငှက်မြတ်နားတော်မြတ်၏ ကြံ့ခိုင်မှုများနှင့် ယခင် အလှူရှင်များ၏
လှူဒါန်းမှုများကို ကြည်ညိုသဒ္ဓါပွားဖူးမြော်ပြီး ငှက်ပျောဖူးတော်နေရာ၌
နိုင်ငံတော် အကြီးအကဲနှင့်ဇနီး၊ သားသမီးမြေးတစ်စုတို့က ရွှေစင်ခြောက်ကျပ်သားရှိ
ရွှေပြားသင်္ကန်းတော် နှစ်ချပ်ကို ကပ်လှူပူဇော်ခဲ့သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး
လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ခြောက်ကျပ်သားရှိ တစ်ပေပတ်လည် ရွှေပြား
စုစုပေါင်းအချပ် ၁၂၀၀ လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိ ကပ်လှူပြီးစီးမှုမှာ
ရွှေပြားအချပ် ၁၀၆၀ ဖြစ်သဖြင့် လုံးတော် ပြည့်ကပ်လှူရန် ရွှေပြားအချပ် ၁၄၀
ကျန်သေးသည်။ လုံးတော်ပြည့် ကပ်လှူရာတွင် တစ်ကျပ်သားရွှေစင်ရွှေပြား စုစုပေါင်းအချပ်
၁၀၀၀၀ လိုအပ်မည်ဖြစ်ရာ ယခုလက်ရှိ တစ်ကျပ်သားရွှေပြား ကပ်လှူပြီးစီးမှုမှာ အချပ်
၇၅၀၀ ဖြစ်သဖြင့် တစ်ကျပ်သား ရွှေပြားကပ်လှူနိုင်ရန် အချပ် ၂၅၀၀ ကျန်ရှိသေးရာ
စေတနာရှင်အလှူရှင် ပြည်သူများအနေဖြင့် ခြောက်ကျပ်သားရှိ တစ်ပေပတ်လည်
ရွှေပြားတစ်ချပ်လျှင် ငွေကျပ် သိန်း ၁၅၀ နှုန်း၊ တစ်ကျပ်သားရှိ
ရွှေစင်ပြားတစ်ချပ်လျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ကြပြီး
ကြုံတောင့်ကြုံခဲ ကုသိုလ်ထူးကို ရယူနိုင်ကြပြီ ဖြစ်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၌
ရွှေစင်ရွှေပြားရွှေသင်္ကန်းများကို ထီးတော်မှ ငှက်ပျောဖူး အောက်ခြေအထိ
ကပ်လှူပူဇော်ထားခဲ့ရာ နှစ်ပေါင်းတစ်ရာကျော်ကြာသည်အထိ ပျက်စီးမှု မရှိကြောင်းနှင့်
ရွှေစင်ရွှေပြားများကို အောက်ခံတစ်ပေပတ်လည် ကြေးပြားအပေါ်တွင် ရွှေစင် ခြောက်ကျပ်သားဖြင့်
ကပ်လှူပူဇော်ပါက သဘာဝဘေးအန္တရာယ်ကိုလည်းကောင်း၊ ကျေးငှက် တိရစ္ဆာန်တို့ကြောင့်လည်းကောင်း
ပျက်စီးမှုလျော့ပါးသက်သာစေကြောင်း သိရသည်။ သို့ဖြစ်ရာ အများပြည်သူ စိတ်အားထက်သန်
စွာလှူဒါန်းနိုင်ရေး၊ ထူးကဲမွန်မြတ်သည့် ကုသိုလ်ရှင်များအဖြစ် သဒ္ဓါပွားနိုင်ရေးအတွက်
ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲတွင်
ကုသိုလ်ပါဝင်ယူကာ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ကြည်ညိုနိုင်ပြီဖြစ်ပါကြောင်း။
ကြေးမုံ

No comments