နိုင်ငံနှင့်လူမျိုး၏အမွေအနှစ်များ မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ်
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊
လူမျိုးတိုင်းတွင် သမိုင်းဆိုင်ရာ အမွေအနှစ်များကိုယ်စီရှိကြသည်။ ယင်း အမွေအနှစ်များသည်
သမိုင်းကြောင်းအရအရေးပါပြီး အတိတ်ကာလမှသည် မျက်မှောက် ကာလသို့တိုင်
ကြွင်းကျန်တည်ရှိနေသည့် ဒြပ်ရှိဒြပ်မဲ့ပစ္စည်းများဖြစ်သကဲ့သို့
ဆိုင်ရာလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုလက္ခဏာများကို မျက်မြင်တွေ့ရှိနိုင်သည့်
အရာများလည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတိုင်းက မိမိတို့၏အမွေအနှစ်များကို
တန်ဖိုးမဖြတ်နိုင်သည့် ရတနာများအဖြစ် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မပျောက်မပျက်အောင်
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြသည်။
မြန်မာ့သမိုင်းတွင် အင်းဝကို
ခေတ်လေးခေတ် ခွဲခြားထားပြီး မင်းနေပြည်တော်အဖြစ်လည်း လေးကြိမ်ဖြစ်ခဲ့သည်။ ပထမအင်းဝခေတ်သည်
ခရစ်နှစ် ၁၃၆၃ မှ ၁၅၅၄ အထိ၊ ဒုတိယအင်းဝ ခေတ်သည် ခရစ်နှစ် ၁၅၉၇ မှ ၁၇၅၁ အထိ
စုစုပေါင်း မင်း ၂၇ ပါး စိုးစံခဲ့ပြီး တတိယအင်းဝခေတ်နှင့် စတုတ္ထအင်းဝခေတ်တို့တွင်
အင်းဝ၌စိုးစံခဲ့ သည့် မင်းလေးပါးမှာ ကုန်းဘောင်မင်းဆက်ဘုရင်များ ဖြစ်ကြသည်။
စုစုပေါင်း မင်း ၃၁ ပါး စိုးစံခဲ့သည့် အင်းဝသည် သမိုင်းဝင်မြို့ဟောင်း
တစ်ခုဖြစ်ပြီး မှတ်တမ်း တင်ထားသော စာရင်းများအရ ရှေးဟောင်း အဆောက်အအုံများနှင့်ဘုရား၊
စေတီပုထိုးပေါင်း ၃၀၀ ရှိသည်။ အင်းဝတွင် ထင်ရှားသည့်နေရာများမှာ သစ်တပ်၊
မြို့ရိုး၊ ကျော်ဘုံ တံခါး၊ မဟာဇေယျပထ တံတားခေါ် ဦးအိုအုတ်လမ်း၊ နန်းမြင့်မျှော်စင်၊
ဆင်ကျုံးခံတပ်၊ အောင်မြေဘုံစံ အုတ်ကျောင်းခေါ် မယ်နုအုတ်ကျောင်း၊
ဗားကရာကျောင်းတိုက်၊ လေးထပ်ကြီးဘုရား၊ လောကသရဖူ စေတီတော်တို့မှာ ထင်ရှားသည်။
အင်းဝတွင် ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သည့် ဘုရား၊ ကျောင်း၊ ကန်၊
သာသနိကအဆောက်အအုံများမှာ ထိုခေတ်၏ မြန်မာ့ဗိသုကာ လက်ရာများကို
တွေ့ရှိနိုင်သကဲ့သို့ နံရံဆေးရေးပန်းချီများ၊ ကျောက်စာများ၊
ခေါင်းလောင်းစာများလည်း တည်ရှိနေသည်။
မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊
အမရပူရတို့မှာ မြန်မာမင်းများ ထီးနန်းစိုက်ခဲ့ရာ မြို့များဖြစ်ပြီး တစ်မြို့နှင့် တစ်မြို့လည်း
မနီးမဝေး တည်ရှိနေကြသည်။ ကျုံး၊ မြို့ရိုး၊ နန်းတော်ရာများ၊ သမိုင်းဝင်နေရာများ
ကျန်ရှိနေသေးသည့်အလျောက် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန်လိုသည်။ အထူးသဖြင့်
လူနေထူထပ်သိပ်သည်းလာပြီး မြို့ပြလူနေမှုပုံစံပြောင်းလဲလာခြင်းက
တန်ဖိုးမြင့်မားသည့် ရှေးဟောင်း အမွေအနှစ်များကို လွှမ်းမိုးသွားခြင်းမဖြစ်စေရန်လိုသည်။
မိမိတို့ဒေသတွင်ရှိနေသည့် သမိုင်းဝင် ရှေးဟောင်းအမွေ အနှစ်များသည် ဒေသ၏ဝိသေသလက္ခဏာများပင်ဖြစ်ပြီး
ဒေသခံ ပြည်သူတို့၏ ဂုဏ်ယူဖွယ်ရာများအဖြစ် တန်ဖိုးထားထိန်းသိမ်းကြရမည်ဖြစ်သည်။
လိုအပ်ပါက ဥပဒေများ၊ ဒေသန္တရ အမိန့်များဖြင့် ထိန်းသိမ်းတန် ထိန်းသိမ်းရမည်လည်း
ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၇ ရက်က
မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရား ကြီးနှင့်
မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နေရာနှင့် မြို့ရိုးတို့အား စဉ်ဆက်မပြတ်
ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရေး၊ ကျုံးအား ရှေးမူမပျက်မွမ်းမံ၍
ပြန်လည်ထိန်းသိမ်းရေး၊ မဟာဇေယျပထတံတားခေါ် မောင်အိုတံတားကို ရှေးမူလ လက်ရာအတိုင်း
ပြန်လည်ပြုပြင် ထိန်းသိမ်းမွမ်းမံနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မည်ဆိုပါက
ဖြစ်ပေါ်လာနိုင်သည့် အကျိုး-အပြစ်များအား စနစ်တကျ သုတေသနပြုလုပ်၍ တင်ပြသွားရန်၊
မူလအုတ်လမ်းအား သုတေသန ပြုလုပ်ရန်တို့ကို မှာကြားခဲ့သည်။
အင်းဝသည် ပုဂံခေတ်ပြီးနောက်
ကြီးကျယ်ထင်ရှားခဲ့သည့် ခေတ်တစ်ခေတ်ဖြစ်ပြီး အင်းဝမြို့ဟောင်းမှာ ပြည်တွင်း၌သာမက
ပြည်ပသို့တိုင် ကျော်ကြားသည့် သမိုင်းဝင်မြို့ဟောင်း တစ်ခုဖြစ်သည်။ အင်းဝဒေသအတွင်း
ကြွင်းကျန်တည်ရှိနေသည့် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်တို့ကို သမိုင်းနောက်ခံနှင့်တကွ
ထင်ရှားအောင်ဖော်ထုတ်၍ ထိန်းသိမ်းမွမ်းမံခြင်းအားဖြင့် ပြည်တွင်းပြည်ပ
ခရီးသွားများ လက်ရှိဝင်ရောက်လည်ပတ်လေ့လာသည်ထက်များစွာ ပိုမိုဝင်ရောက် လာနိုင်သည့်
ဒေသဖြစ်သည်။ အင်းဝ၏ အထင်ကရ အဆောက်အဦ အမွေအနှစ်များကို ရှေးကလက်ရာနှင့်
ထပ်တူမွမ်းမံပြင်ဆင်၍ စနစ်တကျ ပြန်လည်ထိန်းသိမ်းရာတွင် အင်းဝကို
ချစ်မြတ်နိုးသူများ၊ ဒေသခံပြည်သူများကပါ မိမိတို့စွမ်းအားရှိသရွေ့
ပါဝင်ကူညီကြခြင်းဖြင့် တာဝန်ကျေပွန်ကြရပါမည့် အကြောင်း။
မြန်မာ့အလင်း

No comments