အိန္ဒိယနိုင်ငံ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး၊ သုံးဦးထိခိုက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၇
အိန္ဒိယနိုင်ငံ အနောက်ပိုင်း
မာဟာရတ်ထရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ယမန်နေ့ကနှစ်ဦးထက်မနည်းသေဆုံးပြီး
အခြားသုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
အဆိုပါပေါက်ကွဲမှုသည် မာဟာရတ်ထရာပြည်နယ်
မွမ်ဘိုင်းမြို့အရှေ့မြောက်ဘက် ၇၅၀ ကီလိုမီတာအကွာ နာပါခရိုင် ကာတိုလ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုစက်ရုံအတွင်းပေါက်ကွဲမီးလောင်မှုကြောင့်
စက်ရုံနံရံများပျက်စီးပြီး အဆောက်အအုံများပြိုကျခဲ့ပုံကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခဲ့သည်။
မီးသတ်ကားများနှင့် မီးသတ်သမားများ
မီးလောင်မှုဖြစ်ပွားရာနေရာသို့ရောက်ရှိခဲ့ပြီး အနီးအနားနေရာများ မီးကူးစက်မှုမှကာကွယ်ရန်လုပ်ဆောင်ခဲ့ကြကြောင်း
ရဲတပ်ဖွဲ့ကပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်အကြောင်းရင်းကို
ချက်ချင်းမသိရှိရသေးကြောင်း ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံများနှင့်
ဈေးဆိုင်များပိုင်ဆိုင်သူများသည် ဘေးကင်းလုံခြုံရေးစံနှုန်းများကိုလျစ်လျူရှုလေ့ရှိသဖြင့်
မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments