ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ညစာဖြင့်တည်ခင်းဧည့်ခံ



နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေး အတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။


အဆိုပါ ညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့်အဖွဲ့ဝင်များ၊ အလုပ် ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးပို့ချကြမည့် သင်တန်းနည်းပြများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အလုပ်ရုံဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်လာ ကြသည့် ဂျပန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ “အာဆီယံပြန်ကြားရေးကဏ္ဍနှင့် မြန်မာနိုင်ငံတော်မီဒီယာ” Video Clip ကို ဖွင့်လှစ်ပြသသည်။


ပိုမိုခိုင်မာသောလူမှုအသိုင်းအဝိုင်းများ တည်ဆောက်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အစိုးရ၏ ဆက်သွယ်ညှိနှိုင်းပြောဆိုရေးကဏ္ဍတွင် အရည်အသွေးနှင့် ထိရောက်မှုကို မြှင့်တင်ရန် တူညီသောကတိကဝတ်များဖြင့် စည်းလုံးညီညွတ်စွာဖြင့် အာဆီယံဒေသ အတွင်းရှိ လုပ်ဖော်ကိုင်ဖက်များအားလုံး ယခုနေရာတွင် တစ်စုတစ်ဝေးတည်း ဆုံတွေ့ခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် အစိုးရများနှင့် ၎င်းတို့၏ ပြည်သူလူထုကို ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိစေရန်၊ ယုံကြည်မှုကိုမြှင့်တင်ရန်နှင့် ပိုမိုခိုင်မာသော လူမှု အသိုင်းအဝိုင်းများ တည်ဆောက်ပေးရန် ဖြစ်ပါကြောင်း။


အလုပ်ရုံဆွေးနွေးပွဲတွင် အများပြည်သူနှင့် ထိရောက်စွာ ဆက်သွယ်နည်း၊ အကျပ်အတည်းများကို စီမံခန့်ခွဲ နည်းစနစ်များနှင့် အစိုးရဌာနများ၏ သတင်းစကားများကို ရှင်းလင်းစွာဖြင့် ထိရောက်စွာပေးပို့သည့် နည်းစနစ်များကို လေ့လာသင်ယူသွား ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းဆရာများအနေဖြင့် ၎င်းတို့၏ကျွမ်းကျင်မှုများကို မျှဝေပေး သွားမည်ဖြစ်ပြီး တက်ရောက်လာကြသူများအား ပြောရေးဆို ခွင့်ရှိသူများအဖြစ် သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီး တွင် အသုံးချနိုင်မည့် အဖိုးတန်သည့် လက်တွေ့လေ့ကျင့်ခန်းများ၊ နည်းစနစ်များ စသည်တို့ကို သင်ကြားပြသ ပေးသွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကတိကဝတ်ပြုချက်ကို သက်သေပြလျက်ရှိပါကြောင်း။


လူထုနှင့်ပိုမိုထိရောက်စွာချိတ်ဆက်နိုင်

ဆက်သွယ်ညှိနှိုင်းပြောဆိုမှု အခန်းကဏ္ဍသည် သတင်းအချက်အလက်များကို မျှဝေရုံအတွက်သာမက ပိုမိုသာလွန်သည့် အပြန်အလှန်ဆွေးနွေးမှု၊ စာနာမှုနှင့် အပြန်အလှန်နားလည်မှုများအတွက် အခြေခံအုတ်မြစ်ပင်ဖြစ်ပါကြောင်း၊ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ အသိပညာနှင့် အတွေ့ အကြုံများကို ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက််မှု စိတ်ဓာတ်ကို မွေးမြူခြင်းဖြင့် နိုင်ငံတော်အစိုးရ အသီးသီးသည် လူထုနှင့် ပိုမိုထိရောက်စွာ ချိတ်ဆက် နိုင်ပြီး ထိတွေ့ ဆက်ဆံနိုင်မှုစွမ်းရည်ကို အားကောင်း လာစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် သင်တန်းနည်းပြများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။


အကအလှများဖြင့် ဖျော်ဖြေတင်ဆက်

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြပြီး ညစာ သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များက အာဆီယံနိုင်ငံများအလိုက် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို ဖော်ကျူးရေးစပ်ထားသည့် တေးသီချင်းနှင့်တွဲဖက်၍ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။


ညစာစားပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းနည်းပြဆရာ Mr.V Cyril Demitrius Pereira တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များကို ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့သည်။


လေ့လာကြည့်ရှု

မွန်းလွဲပိုင်းကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်သို့ သွားရောက်၍ ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရှားပါး မြန်မာ့တွင်းထွက် ရတနာများ၊ အခြားအဖိုးတန်ကျောက်မျက်ရတနာများနှင့် ပြခန်းအောက်ထပ်ရှိ ကျောက်မျက်ရတနာအရောင်းဆိုင် များကို လေ့လာကြည့်ရှုခဲ့ကြသည်။

သတင်းစဉ်

No comments

Powered by Blogger.