ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန် - နေပြည်တော် - မန္တလေးခရီးစဉ်များ မကြာမီစတင်ပြေးဆွဲပေးမည်


နေပြည်တော် ဖေဖော်ဝါရီ ၂၃


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့်အများ ပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိက ရထားလမ်းပိုင်းများ ဖြစ်သည့် ရန်ကုန် - မန္တလေးလမ်းပိုင်း၊ ရန်ကုန် - ပြည်လမ်းပိုင်း၊ ရန်ကုန် - မော်လမြိုင် လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုန်းလမ်းပိုင်းများတွင်သာမက အခြား လမ်းပိုင်းများဖြစ်သော ပုသိမ် - ဟင်္သာတ - ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား - တောင်တွင်း ကြီးလမ်းပိုင်း၊ ရန်ကုန် - ပြည် - ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား - မိုးကောင်းလမ်းပိုင်း၊ လက်ပံ တန်း - သာရဝေါလမ်းပိုင်းနှင့် သာစည် - ရွှေညောင်လမ်းပိုင်း စသည့် လမ်းပိုင်းများတွင် လူစီးရထား ခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက် မှစတင်၍ နေပြည်တော် - ရန်ကုန် - နေပြည်တော်ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိ လာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင်စမ်းသပ် ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီတွင် နေပြည်တော် ဘူတာကြီးမှ စတင်ထွက်ခွါခဲ့ပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ (MSME) နေပြည်တော်သို့ တက်ရောက်လာကြသည့် ကုမ္ပဏီအဖွဲ့အစည်း အသီးသီး မှ ပုဂ္ဂလိက လုပ်ငန်းရှင်များအပါအဝင် ခရီးသွားပြည်သူ (၁၃၀) လိုက်ပါစီးနင်းခဲ့ကြကာ ရန်ကုန်ဘူတာသို့ မွန်းလွဲ ၁ နာရီ မိနစ်၅၀ တွင်ရောက်ရှိကြောင်းနှင့် နေပြည်တော်မှ ရန်ကုန်သို့ ဘူတာစဉ် ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ကြောင်း သိရှိရသည်။

အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန် - နေပြည်တော် ရထားလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲမည့် DEMU ရထားတွင် ပထမတန်း (၄) တွဲ၊ အထက်တန်း (၂) တွဲ စုစုပေါင်းတွဲဆိုင်း (၆) တွဲဖြင့် ခရီးသည် (၃၁၂) ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော် - မန္တလေး ပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်း (၄) တွဲ၊ အထက်တန်း (၂) တွဲ စုစုပေါင်း တွဲဆိုင်း (၆) တွဲဖြင့် ခရီးသည် (၃၃၀) လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ ရထားအချိန် စာရင်းနှင့်လက်မှတ်ခနှုန်းထားတို့ကို မြန်မာ့မီးရထားမှ ထပ်မံထုတ်ပြန်သွားမည်ကြောင်း သိရှိရသည်။

ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများကို နေပြည်တော် ဘူတာတွင် ပြောင်းလဲလိုက်ပါ စီးနင်းနိုင်မည်ဖြစ်သည်။

ရန်ကုန် - မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး ၊ တောင်ငူ ၊ နေပြည်တော်၊ သာစည် ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေး ခေတ်မီလူစီးတွဲများ ဖြည့်တင်း/ ထုတ်လုပ်ခြင်း၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.