ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၁၇


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွဲ့ချုပ်အနေဖြင့် ဝန်ကြီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်းပြီ အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျရွေးချယ်၍ နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲများကို စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်းပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရှိပြင်ဆင် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြင်းစီးအားကစားလောက တိုးတက်မြင့်မားစေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများ ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments

Powered by Blogger.