(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ စတုတ္ထနေ့သို့ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာ
နေပြည်တော်
ဖေဖော်ဝါရီ ၁၃
(၇၈)
နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME
ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ စတုတ္ထနေ့ကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်
ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများမှ
ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများစိတ်ပါဝင်စားစွာဖြင့်
တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားများပြားခဲ့သည်။
ယနေ့သည်
ပွဲတော်၏ စတုတ္ထနေ့သို့ ရောက်ရှိလာခဲ့သည့်အတွက် ပြခန်းအလိုက် ပြသထားသည့်
ပြခန်းပြကွက်များအား လာရောက်လေ့လာကြသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများဖြင့်
အထူးစည်ကားလျက်ရှိသည့်အပြင် MSME လုပ်ငန်းရှင်များ၊ နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုနည်းပညာများနှင့်
စက်မှု၊ လက်မှုကဏ္ဍကို စိတ်ဝင်စားကြသည့် လုပ်ငန်းရှင်များလည်း လာရောက်လေ့လာကြသည်။
အဆိုပါလုပ်ငန်းရှင်များအား
ပြခန်းတာဝန်ရှိသူများက အရည်အသွေးမြင့်စက်ယန္တရားများ၏ ထူးခြားသာလွန်သော
စွမ်းဆောင်ရည်များအကြောင်း၊ နိုင်ငံတကာအဆင့်မီ စက်ယန္တရားများ၊ ဝယ်ယူမှု၊
တပ်ဆင်မှုအကြောင်းအရာများနှင့် ဈေးကွက်စီးပွားရေး လိုအပ်ချက်များကို
အနာဂတ်နည်းပညာများ အသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်
ဗဟုသုတအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြသကြသည့်အပြင်
ကျွမ်းကျင်ဝန်ထမ်းများကလည်း ခင်းကျင်းပြသထားသည့် စက်ယန္တရားများဖြင့်
လက်တွေ့သရုပ်ပြသဆွေးနွေးပေးခဲ့ရာ မြန်မာနိုင်ငံအနာဂတ်စက်မှုနည်းပညာကဏ္ဍကို
တစ်ခေတ်ဆန်းသစ်တော့မည့် မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
ထို့ပြင်
ပွဲတော်သို့ လာရောက်လေ့လာကြသည့် MSME လုပ်ငန်းရှင်များကိုလည်း
ပြခန်းတာဝန်ရှိသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့်
နည်းပညာများမျှဝေပေးခြင်း၊ ပြည်တွင်း/ ပြည်ပဈေးကွက်များသို့
မိမိတို့လုပ်ကိုင်နေသည့်လုပ်ငန်းများအလိုက် လက်လှမ်းမီစေရန်နှင့်
ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ လုပ်ငန်းများအလိုက်
ကြုံတွေ့ရမည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေး
ဆွေးနွေးမျှဝေပေးကြရာ MSME လုပ်ငန်းရှင်များအတွက် ဆန်းသစ်သော ပြည်တွင်း၊ ပြည်ပပို့
ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့်
အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာနိုင်တော့မည်လည်းဖြစ်သည်။
အလားတူ
နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ထွက်ရှိသည့် MSME
ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို
ပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ
ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူကြသည့်အပြင် သန့်ရှင်းလတ်ဆတ်စွာဖြင့်
ရောင်းချပေးလျက်ရှိသည့် တိုင်းရင်းသားရိုးရာ အစားအသောက်များကိုလည်း နှစ်ခြိုက်စွာ
ဝယ်ယူစားသုံးကြသည်ကိုလည်း တွေ့မြင်ရသည်။
အဆိုပါပြခန်းများ၌လည်း
အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက သက်ဆိုင်ရာရိုးရာယဉ်ကျေးမှုအကအလှများ၊
ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင်စေသည့်သီချင်းများနှင့်
မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့် သီချင်းများဖြင့်
ကပြဖျော်ဖြေတင်ဆက်ကြရာ ပွဲတော်လာပြည်သူများကလည်း
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ
သီဆိုကခုန်ပါဝင်ဆင်နွှဲကြသည့် မြင်ကွင်းသည်လည်း တောင်ပေါ်မြေပြန့်မခွဲခြားဘဲ
စည်းလုံးသည့် သွေးချင်းညီအစ်ကိုစိတ်ထားကို အထူးပေါ်လွင်စေခဲ့သည်။
ညပိုင်းတွင်
ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊
ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့်
တေးသီချင်းများဖြင့်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ
တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ
ပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများပျော်ရွှင်စွာဖြင့်
တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
အဆိုပါပြပွဲနှင့်
ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊
ပြည်နယ်နှင့်တိုင်းဒေသကြီးပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ
ရောင်းချသည့်ဆိုင်ခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့်
ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့်
ကုန်ထုတ်သမဝါယမပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ
ဖွင့်လှစ်ပြသရောင်းချပေးလျက်ရှိပြီး ပြိုင်ပွဲများအလိုက် ဆုအမျိုးအစားပေါင်း ၃၁
မျိုးကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-
ဂျိုင်းလော၊ ဓာတ်ပုံ - ကိုထိန်




No comments