နေပြည်တော်ကောင်စီဥက္ကဋ္ဌ MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်ထားရှိမှုသွားရောက်ကြည့်ရှု



နေပြည်တော် ဖေဖော်ဝါရီ ၁


နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်၌ အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်စေရေးအတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ Sky Garden တွင် ရှားပါးအပင်များ စိုက်ပျိုး ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 


ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် မူလထားရှိသည့် ကစားနည်းများအပြင် ကလေးငယ်များ ပျော်ရွှင်စိတ်ဝင်စားဖွယ် ကစားနည်းအသစ်အဆန်းများ ထည့်သွင်းဆောင်ရွက်ရန်နှင့် ထိခိုက်အန္တရာယ် မဖြစ်ပေါ်စေရေး စီမံထားရှိရန်၊ သစ်ပင်ပန်းမန်များဖြင့် အမြဲသာယာလှပနေစေရေး ဆောင်ရွက်ရန်နှင့် ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ် အပန်းဖြေသူများဖြင့် စည်ကားများပြားစေရေး ပွဲတော်အစီအစဉ်များကို စဉ်ဆက်မပြတ် စီမံဆောင်ရွက်ကြရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့နောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၅ခုနှစ်၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပပြုလုပ်မည့် ဥပ္ပါတသန္တိစေတီတော်၊ တပေါင်းကွင်းအတွင်း ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့် တိုင်းများအလိုက်မှ ပြခန်းများ၊ ဒေသထုတ်ကုန်နှင့် လက်ဆောင်ပစ္စည်းအရောင်းဆိုင်ခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန်၊ လျှိုပိတ်ဆည်ရေကန်အတွင်းနှင့် ရေကန် ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ကြာပန်းများ ထည့်သွင်းစိုက်ပျိုးရန်၊ ဆေးဘက်ဝင် ရှားပါးပရဆေးပျိုးပင်များ၊ အခြားပရဆေးပင်များကို စနစ်တကျဖြင့် အမျိုးအစားစုံလင်စွာ တိုးချဲ့စိုက်ပျိုးရန်နှင့် ရေရှည်ထိန်းသိမ်းပြုစုထားရှိနိုင်ရေး စီမံဆောင်ရွက်ရန်၊ အမျိုးသားပရဆေး ဥယျာဉ်မုခ်ဦး၏ ပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသာယာလှပ စိမ်းလန်းစိုပြေနေစေရေး ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments

Powered by Blogger.