(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲရဲ့ ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို လက်တွေ့ကျကျ ဆောင်ရွက်တဲ့အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ချီးမြှင့်ပေးအပ်သွားဖို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ
တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့်
MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြခန်းပြသ၍ နည်းပညာ၊ အသိပညာများ ဆွေးနွေးဖြန့်ဝေပေးလျက်ရှိသည့်အပြင်
ထုတ်ကုန်ပြိုင်ပွဲဆုရရှိသူများကို ဒစ်ဂျစ်တယ်စနစ် အသုံးပြု၍ ဆုများပေးအပ်သွားနိုင်ရေး
စီစဉ်လျက်ရှိသည်။
ထိုသို့ပေးအပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့်စပ်လျဉ်း၍
ပြည်သူများသိရှိနိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်
တွေ့ဆုံမေးမြန်းရေးသား တင်ပြလိုက်ရပါသည်-
မေး။ ။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့
ပြိုင်ပွဲရဲ့ ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက နည်းပညာပိုင်းမှာ
ဘယ်လိုတာဝန်တွေယူပြီး ကူညီဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုပါတယ်။
ဖြေ။ ။ နိုင်ငံတော်အကြီးအကဲက ဒီနေ့ခေတ်
ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုအရွေ့တွေနဲ့အမီ လိုက်ပါဆောင်ရွက်ဖို့ လမ်းညွှန်ထားတာရှိပါတယ်။
အခု (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့
ပြိုင်ပွဲရဲ့ ဆုချီးမြှင့်ခြင်းအခမ်းအနားမှာပါ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု
(Digital Transformation) ကို လက်တွေ့ကျကျဆောင်ရွက်တဲ့အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့
ချီးမြှင့်ပေးအပ်သွားဖို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဆောင်ရွက်ပေးမှာတွေကတော့ LED Board မှာပေါ်လာမယ့် နောက်ခံပြသမှု၊ ဒစ်ဂျစ်တယ်ဆုတံဆိပ်နဲ့
ဒစ်ဂျစ်တယ်ငွေလွှဲပို့လက်ခံမှု ဆိုတဲ့ လုပ်ငန်းအပိုင်းသုံးခုမှာ နည်းပညာပံ့ပိုးဆောင်ရွက်မှာဖြစ်ပါတယ်။
မေး။ ။ နည်းပညာပံ့ပိုးမှုကို ဘယ်လိုဖန်တီးဆောင်ရွက်ထားတယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ
စင်ပေါ်က (အလျားပေ ၄၀ ၊ အနံ ပေ ၂၀ ရှိတဲ့) LED Board မှာပေါ်လာမယ့် နောက်ခံပြသမှုကို
ပိုင်သွန် (Python) ပရိုဂရမ်ဘာသာစကားနဲ့ ရေးသားထားပါတယ်။ အချက်အလက်တွေသိမ်းဆည်းပြီး
စီမံခန့်ခွဲမှုစနစ်အနေနဲ့ ယုံကြည်စိတ်ချရပြီး စွမ်းဆောင်ရည်ကောင်းတဲ့အတွက် လက်ရှိမှာ
ရေပန်းစားနေတဲ့ MySQL (open-source relational database management system) ကို အသုံးပြုထားပြီးတော့
အက်ပလီကေးရှင်းကို ငွေပေးချေမှုလုပ်ငန်းစဉ် (Payment Flow) နဲ့ ဆုချီးမြှင့်မှုလုပ်ငန်းစဉ်
(Award Distribution Flow) တွေအတွက်ပါ ဒီဇိုင်းရေးဆွဲဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီအက်ပလီကေးရှင်းကို ဆုချီးမြှင့်ချိန်မှာ
ပြသသွားမှာဖြစ်ပြီး Payment Gateway Integration အနေနဲ့ သတ်မှတ်အေပီအိုင်
(API-Application Programming Interface)ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ငွေလွှဲပို့လက်ခံမှုအပိုင်းမှာ
သတင်းအချက်အလက်လုံခြုံရေးအတွက် Cyber Security ကိုပါ ထည့်သွင်းဆောင်ရွက် ထားပါတယ်။
မေး။ ။ MSME လုပ်ငန်းရှင်တွေအတွက် ဒစ်ဂျစ်တယ်ငွေလွှဲပို့စနစ်နဲ့ ချီးမြှင့်ပေးအပ်သွားမယ့်အစီအစဉ်ကိုလည်း
သိပါရစေ။
ဖြေ။ ။ ဆုတွေအနေနဲ့ ခုနစ်မျိုး၊ ဆုပေါင်း
၆၃ ဆုကို ချီးမြှင့်သွားမှာဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုတွေအပါအဝင် အထူးဆုတွေပါ
ပါဝင်ပါတယ်။ အသေးစား၊ အလတ်စားနဲ့ အငယ်စား စီးပွားရေးလုပ်ငန်းတစ်မျိုးစီအတွက် ပထမဆု၊
ဒုတိယဆု၊ တတိယ ဆုတွေ ချီးမြှင့်မှာဖြစ်လို့ ပေါင်းကိုးဆု၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့
ပြည်နယ် ၁၅ ခုအတွက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အကောင်းဆုံးဆု One Region One Product
(OROP) ၁၅ ဆု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်ဆုတွေအနေနဲ့ စားသောက်ကုန်စံပြထုတ်ကုန်ဆု၊
လူသုံးကုန်စံပြထုတ်ကုန်ဆု၊ ရက်ကန်းထည်စံပြထုတ်ကုန်ဆုနဲ့ လက်မှုထည်စံပြထုတ်ကုန်ဆုဆိုပြီး
ချီးမြှင့်မယ့် လေးဆု၊ ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆုတွေ
ချီးမြှင့်မှာဖြစ်လို့ ဆုခြောက်မျိုး၊ ဆုပေါင်း ၃၁ ဆုအတွက် ဂုဏ်ပြုချီးမြှင့်ငွေတွေကို
ဒစ်ဂျစ်တယ် ငွေလွှဲပို့လက်ခံတဲ့စနစ်နဲ့ ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
ပထမဆုအတွက် ငွေကျပ်သိန်း ၃၀၊ ဒုတိယဆုအတွက်
ငွေကျပ် သိန်း ၂၀၊ တတိယဆုအတွက် ငွေကျပ် ၁၀ သိန်း အသီးသီးချီးမြှင့်သွားမှာဖြစ်ပါတယ်။
အသေးစားစက်မှုလက်မှုလုပ်ငန်းတွေအတွက် စားသောက်ကုန်စံပြထုတ်ကုန်ဆု၊ လူသုံးကုန်စံပြထုတ်ကုန်ဆု၊
ရက်ကန်းစံပြထုတ်ကုန်ဆု၊ လက်မှုထည်စံပြထုတ်ကုန်ဆုတွေအတွက် တစ်မျိုးကို ငွေကျပ် ၁၅ သိန်းစီ
ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံး ၁၅ ဆုအတွက်
တစ်ဆုကို ငွေကျပ်သိန်း ၃၀ စီ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဆုပေါင်း ၃၁ ဆုအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေါင်း
ငွေကျပ်သိန်း ၇၅၀ ချီးမြှင့် ပေးအပ်မှာဖြစ်ပါတယ်။
အထူးဆုတွေအနေနဲ့ အသေးစား၊ အငယ်စား၊
အလတ်စားလုပ်ငန်းတွေအတွက် အထူးဆု ငါးခုစီဖြစ်လို့ ပေါင်း ၁၅ ဆု၊ ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည်ဆုအတွက်
ငါးဆု၊ အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်ဆုတစ်မျိုးစီအတွက် သုံးဆုစီဖြစ်လို့ ပေါင်း
၁၂ ဆုဖြစ်ပါတယ်။ အဆိုပါ အထူးဆုပေါင်း ၃၂ ခုအတွက် ဂုဏ်ပြုကတ်ပြားကိုသာ ချီးမြှင့်မှာဖြစ်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပေးအပ်မယ့်
ဂုဏ်ပြုဆုတံဆိပ် ခြောက်မျိုးအနက် အသေးစား၊ အငယ်စား၊ အလတ်စားနဲ့ OROP ဆုလေးမျိုးကို
ဒစ်ဂျစ်တယ်ဆုတံဆိပ် (Digital LED Acrylic Trophy) နဲ့ ချီးမြှင့်ပေးအပ်နိုင်ဖို့ကိုလည်း
ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဆုရရှိသူအနေနဲ့ ချီးမြှင့်မှု သုံးခုကို လက်ခံရရှိမှာဖြစ်ပါတယ်။
မေး။ ။ ချီးမြှင့်သွားမယ့် ပုံစံကိုလည်း ပြောပြပေးစေလိုပါတယ်။
ဖြေ။ ။ LED Board မှာ ဆုရရှိသူကို ကြေညာချိန်မှာ
ဒစ်ဂျစ်တယ်ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ပြီးတော့ ဂုဏ်ပြုကတ်ပြားကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။
အဲဒီနောက် ငွေသားဆုဘန်နာကို ပေးအပ်ချိန်မှာ ဆုရရှိသူရဲ့ iBanking Account ထဲကို ငွေလွှဲပို့ပြီးတော့
ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီလို Digital Payment ဆောင်ရွက်ချိန်မှာ နောက်ဘက်က
LED Board မှာ ငွေလွှဲမှုနဲ့ ငွေလက်ခံရရှိမှုတို့ကို အချိန်နှင့်တစ်ပြးညီ ကြေညာဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မေး။ ။ MSME လုပ်ငန်းတွေ အထောက်အကူပြုစေဖို့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုတာက
ဘယ်လိုအကျိုးကျေးဇူးတွေရရှိဖို့ မျှော်မှန်းဆောင်ရွက်တယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ဒီလိုဆောင်ရွက်တဲ့အတွက် အဓိကကတော့
Paperless စနစ်နဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို ပိုမိုဖော်ဆောင်ရာ ရောက်ပါတယ်။ ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ
ဆုရရှိတဲ့ MSME လုပ်ငန်းရှင်တွေအနေနဲ့ ဝမ်းသာဂုဏ်ယူကြပြီး ပိုပြီးအမှတ်တရဖြစ်စေမှာသေချာပါတယ်။
ဆုချီးမြှင့်လို့ရရှိတဲ့ ချီးမြှင့်ငွေဟာ ဘဏ်စာရင်းထဲ ရောက်ရှိသိမ်းဆည်းပြီး ဖြစ်စေမှာပါ။
ပြီးတော့ MSME လုပ်ငန်းရှင်တွေအနေနဲ့
ကိုယ့်လုပ်ငန်းမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနဲ့အတူ ထွန်းသစ်စနည်းပညာတွေကို အသုံးပြုဖို့
ပိုပြီးအမြင်ကျယ်လာမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ငွေကြေးသုံးစွဲတဲ့ စနစ်ကိုလည်းပိုမိုတွန်းအားပေးရာရောက်ပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းဝင်းမင်း၊ ဓာတ်ပုံ
- ကိုကြီးထိန်

No comments