နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက်
National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁၊ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး
ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ
သံအမတ်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်
ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်းများ၊ အသင်းအဖွဲ့များ၊ ဘဏ်များမှ ဥက္ကဋ္ဌများနှင့်
အတွင်းရေးမှူးများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများမှ ဧည့်သည်တော်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် National
QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်း အခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင်
အရေးပါသည့် ငွေပေးချေမှုစနစ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံ အမျိုးသားစံသတ်မှတ်ချက်များနှင့်အညီ
ဆောင်ရွက်ထားသည့် “လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကျူအာကုတ်စနစ်၊
မြန်မာကျူအာ (MMQR)” ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ အများပြည်သူများအနေဖြင့်
ယနေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပထမဦးစွာ အသိပေးပြောကြားလိုကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏
ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊
ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ခေတ်နှင့်အညီ တိုးတက်လာရန်၊ နိုင်ငံတကာ
စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ၏ နေ့စဉ်လူမှုဘဝတွင် ငွေလွှဲပြောင်းပေးချေမှုများကို
လုံခြုံစိတ်ချစွာဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ ငွေရေးကြေးရေးစနစ်တွင်
ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေးကို မြှင့်တင်နိုင်ရန်၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှု
လျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်၊ နိုင်ငံ၏ကုန်သွယ်မှု၊
ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ
ဆောင်ရွက်နိုင်ရန် စသည်တို့အတွက် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေမည့် လုပ်ငန်းစဉ်များကို
အစဉ်တစိုက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရကြောင်း။
မြန်မာငွေပေးချေမှုအဖွဲ့ကို ဖွဲ့စည်းခဲ့
မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာမှုကို
ပြောရမည်ဆိုပါက အခြေခံအဆောက်အအုံ တည်ဆောက်မှုနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံပိုင်နှင့်
ပုဂ္ဂလိကဘဏ်များပါဝင်သည့် မြန်မာငွေပေးချေမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက်
ငွေသားကိုင်တွယ်ရန်မလိုဘဲ ကတ်ဖြင့်အဆင်ပြေချောမွေ့စွာ ပေးချေနိုင်ရေးအတွက် ပြည်တွင်းဘဏ်များက
ထုတ်ဝေသည့် မြီစားကတ်၊ အကြွေးဝယ်ကတ်များအပြင် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုကတ်များကိုပါ
စနစ်တကျသုံးစွဲလာနိုင်သည်ကို တွေ့ရကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်
ဘဏ်များအကြား ငွေပေးချေမှုကွန်ရက်စနစ်ကို တည်ထောင်ခဲ့ပြီး ငွေပမာဏကြီးမားသည့် အခွန်ပေးဆောင်မှုများကို
ပြည်တွင်းဘဏ်များကတစ်ဆင့်ပေးချေနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရကြောင်း။
ပြည်တွင်း၌ မိုဘိုင်းသုံးစွဲမှု တိုးတက်လာသည်နှင့်အမျှ
ဘဏ်လုပ်ငန်းဝန်ဆောင်မှု မရရှိသေးသည့် ဒေသကပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဆိုင်ရာ
ဝန်ဆောင်မှုများကို ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းများကို
အခြေခံလူတန်းစားများအထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည်
မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊
မိုဘိုင်းပေးလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို
ဥပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ အမိန့်များ ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း၊
မီတာခ၊ အခွန်အခများ၊ အစိုးရဝန်ထမ်းလစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစားချေးငွေထုတ်ချေးခြင်းနှင့်
ကောက်ခံခြင်းများစသည့် အစိုးရငွေပေးချေမှုများသာမက အသေးစား ငွေပေးချေမှုများအတွက်လည်း
စနစ်တကျခွင့်ပြုပေးထားသည်ကို တွေ့ရှိရကြောင်း။
အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ၏
ရည်ရွယ်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး ဘဏ်များအကြား
ကွဲပြားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသူများအကြား မြန်မြန်ဆန်ဆန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်
စနစ်တစ်ခုလိုအပ်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း ကျူအာကုတ်ကို မြန်မာနိုင်ငံ အမျိုးသားစံသတ်မှတ်ချက်အဆင့်
အသုံးပြုပြီး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် မြန်မာကျူအာ (MMQR) စနစ်ကို အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
နားလည်အသုံးပြုနိုင်အောင် အသိပညာပေး
နိုင်ငံအတွင်း၌ မတူညီသည့် ငွေပေးချေမှုစနစ်များ၏
ကျူအာကုတ်အမျိုးမျိုးကိုချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုမိုအဆင်ပြေသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊
ပြည်သူများ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီငွေလွှဲပြောင်းပေးချေမှုများကို
စရိတ်သက်သက်သာသာဖြင့် လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကျူအာ
(MMQR) ကနေတစ်ဆင့် ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံ အဆင့်ဆင့်ကိုလည်း သုံးစွဲသူပြည်သူများ
ရှင်းရှင်းလင်းလင်း နားလည်အသုံးပြုနိုင်အောင် အသိပညာပေးသွားရန်လိုအပ်ကြောင်း။
မြန်မာကျူအာ (MMQR) ကို အသုံးပြုခြင်းအားဖြင့်
ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းမရှိသေးသူများသာမက ရှိပြီးသားသူများကိုပါ
ငွေရေးကြေးရေးစနစ်တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုများကိုရယူနိုင်ရန်
အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ငွေသားကိုင်တွယ်သုံးစွဲမှုအား လျှော့ချနိုင်မည်လည်းဖြစ်ကြောင်း၊
ထို့ပြင် မတူညီသည့် ဘဏ်စာရင်းများ၊ မတူညီသည့် ဒစ်ဂျစ်တယ်မိုဘိုင်းပိုက်ဆံအိတ်များ၊
မတူညီသည့်ပေးချေမှုစနစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်သည်များနှင့်
အသုံးပြုသူများအကြား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာများတွင် လျင်မြန်လွယ်ကူပြီး ရှုပ်ထွေးမှုများကို
ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း။
မြန်မာကျူအာ (MMQR) အသုံးပြုပြီး ငွေပေးချေမှုနှင့်
အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများလစာပေးခြင်း၊
ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံများ၊
ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်းအစရှိသည့် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်တွင်
အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းများ စုံစုံလင်လင်ပါဝင်လာနိုင်မည်ဖြစ်သည့်အတွက်
လွယ်ကူထိရောက် မြန်ဆန်ပြီး စွမ်းဆောင်ရည်ပြည့်သည့် ငွေပေးချေမှုစနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်မည်ပင်ဖြစ်ကြောင်း။
ရင်ပေါင်တန်းဆောင်ရွက်လာနိုင်တော့မည်
မိမိတို့နိုင်ငံတွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်
နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုဖြစ်သည့် မြန်မာကျူအာ (MMQR) ကို ယခုကဲ့သို့ တည်ထောင်နိုင်သည့်အတွက်
နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို
အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာဖြင့် အခြားနိုင်ငံများနည်းတူ ရင်ပေါင်တန်း ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ကြောင်း၊
နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးလာရန်အတွက် တွန်းအားပေးသည့့်
စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာတိုးတက်လာသည်နှင့်အတူ ယခုကဲ့သို့ စနစ်တကျအဆင်ပြေချောမွေ့အောင်
စီမံဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ တစ်ဖက်တွင်လည်း အွန်လိုင်းလိမ်လည်မှုများမဖြစ်အောင်
စနစ်တကျစောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
ငွေပေးချေမှုစနစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစနစ်
တစ်ခုဖြစ်သည့် မြန်မာကျူအာ (MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှုချိတ်ဆက်စနစ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏
ဦးဆောင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုတို့ကြောင့်
အောင်အောင်မြင်မြင်နှင့် စတင်အသုံးပြုနိုင်ခဲ့ခြင်းအပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့်
ဆက်လက်၍ ငွေပေးချေမှုစနစ်များ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ
ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း
ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ငွေပေးချေမှုအတွက် National QR
Standard ဖြစ်သည့် MMQR နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ၏
ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်ဆင့်၊ MMQR ၏ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်
အကျိုးကျေးဇူးများကို တင်ဆက်ထားသည့် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။
ဂါရဝပြုပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏
ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်း
အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် MMQR အသုံးပြုပေးချေမှုများအား စိတ်ဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်







No comments