အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၃၀၀) ထပ်မံလွှဲပြောင်းပေးအပ်



နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၁


နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက် သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး  အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊  အထူးသဖြင့် မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံ အကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) တို့ဖြင့် စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ လုပ်ငန်း များတွင်  ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးလျက်ရှိသည်။


ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online  လောင်းကစားမှုများ၊ Online လိမ်လည်မှု များနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ် နိုင်ငံသား (၃၀၀)ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့တွင် မြန်မာ-ထိုင်း အမှတ် () ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံး လုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။


အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့  ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ်  ရဲဗိုလ်ချုပ် တင်ကိုကို၊ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် အမှတ် () လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန ဒုတိယဌာနမှူး ရဲမှူးကြီး Ploen Klinpayom နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြသည်။


ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြဝတီ- KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတွင် ပါဝင်လုပ် ဆောင်ရန်  စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။


နိုင်ငံတော်အနေဖြင့်  Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသား များနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင် လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.