ရထားမတော်တဆဖြစ်ပွားမှု၏ ဒုတိယနှစ်ပတ်လည်နေ့တွင် ဂရိနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ ထောင်ပေါင်းများစွာသော ပြည်သူများက စုဝေးဆန္ဒထုတ်ဖော်
အေသင် မတ် ၂
၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်နိုင်ငံ၏
လူသေဆုံးမှုအများဆုံး ရထားမတော်တဆဖြစ်ပွားမှု၏ ဒုတိယ နှစ်ပတ်လည်နေ့တွင် ဂရိနိုင်ငံတစ်ဝန်းရှိ
မြို့ကြီးများ၌ ထောင်ပေါင်းများစွာသော ပြည်သူများက စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြောင်း
သိရသည်။
ထို့ပြင် လေကြောင်း၊ ရေကြောင်းနှင့်
ရထားပို့ဆောင်ရေးတို့ကို ရပ်ဆိုင်းထားရန် ၎င်းတို့က တောင်းဆိုခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်
တွင် ဂရိနိုင်ငံအလယ်ပိုင်း တင်မ်ပီချောက်အနီး၌ ကုန်တင်ရထား တစ်စီးနှင့်
ကျောင်းသားများ လိုက်ပါစီးနင်းလာသည့် ခရီးသည်တင် ရထားတစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိမှုကြောင့်
၅၇ ဦး သေဆုံး ခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက် နှစ်နှစ်အကြာတွင်
ဘေးကင်းရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ထားခြင်း မရှိသေးကြောင်း
စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။
ရထား မတော်တဆမှုတွင်
သေဆုံးသူများအား အောက်မေ့သတိရသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့အများအပြား၌
သင်္ဘောသားများ၊ ရထားစက်ဗိုလ်များ၊ ဆရာဝန်များ၊ ရှေ့နေများနှင့် ဆရာများ ပူးပေါင်းကာ လှည့်လည်ဆန္ဒထုတ်ဖော်ကြပြီး နိုင်ငံတကာနှင့်
ပြည်တွင်းလေကြောင်းခရီးစဉ် အားလုံးကို ရပ်နားထားကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းများကိုလည်း
ပိတ်ထားပြီး ရုပ်ရှင်ရုံများတွင် ဖျော်ဖြေမှုများကိုလည်း ဖျက်သိမ်း ခဲ့ကြောင်း
သိရသည်။ ဆန္ဒထုတ်ဖော်သူ ၁၇၀၀၀၀ ကျော်နှင့်အတူ ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့အကြား
ခေါင်းချင်းဆိုင်တိုက်မိမှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် မိသားစုများသည်
တရားမျှတမှုနှင့် မီးရထားလုံခြုံရေးကို မြှင့်တင်ပေးရန်အတွက် အေသင်မြို့ရှိ
ဂရိပါလီ မန်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒပြသူများသည် ရဲအရာရှိများနှင့်
ထိပ်တိုက်တွေ့ပြီး ဓာတ်ဆီဗုံးများဖြင့် ပစ်ပေါက်ခဲ့ရာ ရဲအရာရှိ များကလည်း
ဆန္ဒထုတ်ဖော်သူ လူအုပ်ကြီးအတွင်းသို့ မျက်ရည်ယိုဗုံးများဖြင့်
တုံ့ပြန်နှိမ်နင်းခဲ့သည်။
ရဲတပ်ဖွဲ့က အနည်းဆုံး ဆန္ဒပြသူ ၄၁
ဦးကို ဖမ်းဆီးခဲ့ပြီး လူ ၁၅ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ဂရိနိုင်ငံပိုင်
ရုပ်သံ လိုင်း ERT က ဖော်ပြခဲ့သည်။
ဂရိမီးရထားစနစ် ချို့ယွင်းချက်များကြောင့်
ဖြစ်ပွားသည့် အဆိုပါမတော်တဆမှုအား စုံစမ်းစစ်ဆေးသည့် လွတ်လပ်သောကော်မတီမှ
စုံစမ်းဖော်ထုတ်ပြီးနောက် တစ်ရက်အကြာတွင် အဆိုပါ ဆန္ဒပြမှုများ
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရထားမတော်တဆမှုဖြစ်ပွားရခြင်းသည်
ဘူတာရုံတွင် တာဝန်ကျသည့် ဘူတာရုံမှူးမှ လုပ်ဆောင်သည့်
လူသားအမှားများအပြင် ရန်ပုံငွေနှင့် လူ့စွမ်းအားအရင်းအမြစ်များ
ချို့တဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် ၂၀၂၃
ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော ဝန်ကြီးချုပ် ကီရီယာ ကိုစ်မတ်ဆိုတာကစ်၏ ဗဟိုလက်ယာအစိုးရသည်
ပါလီမန်စုံစမ်းစစ်ဆေးမှုကို စတင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် သေဆုံးသူများ၏
မိသားစုဝင်များက အကြိမ်ကြိမ် ဝေဖန်ခဲ့ကြသည်။
ကိုးကား - ဆင်ဟွာ၊ စီအင်န်အင်န်
ဘာသာပြန် - အောင်ကျော်ကျော်

No comments