ဗုဒ္ဓမြတ်စွာ အံ့ဖွယ်ရှစ်ဖြာ ပွားများဆင်ခြင်
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် သာသနာတော် အထွန်းကားဆုံးနိုင်ငံဖြစ်သည်။ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် စိတ်ပါဝင်စားပြီး စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ကြသည့် ဗျတ္တ၊ ပဋိဗလပြည့်စုံသော ဆရာတော်များ အများအပြားရှိသည်။ ယခုအခါ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ခြောက်နှစ်သက်တမ်းပြည့်ပြီဖြစ်၍ ဆရာတော်ကြီးများ အစားထိုးရွေးချယ်ရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အထူးလျှောက်ထားခဲ့သည်။
သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင်
တာဝန်ထမ်းဆောင်ကြမည့် ဆရာတော်များအနေဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများကို
စိတ်ပါဝင်စားပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့် ဗျတ္တ၊ ပဋိဗလပြည့်စုံသော
ဆရာတော်များဖြစ်ရမည့်အပြင် သံဃာ့အဖွဲ့အစည်းများ သည်လည်း နိုင်ငံတော်တစ်ဝန်းလုံးရှိ
ရဟန်းရှင်လူအားလုံးတို့၏ ယုံကြည်ကိုးစားအားထားရာ အဖွဲ့အစည်းများဖြစ်ရန် လိုအပ်သည်။
သို့မှသာ ဘုရားရှင်၏သာသနာတော်မြတ်ကြီးသည် မြန်မာပြည်တွင်သာမက ကမ္ဘာအရပ်ရပ်သို့တိုင်
သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်မည်ဖြစ်သည်။ မျက်မှောက်ခေတ်သည်
ဆုတ်ခေတ်ဖြစ်သည်နှင့်အညီ သာသနာတော်ညစ်နွမ်းစေသည့် အရေး ကိစ္စများကို မြင်တွေ့နေရသဖြင့်
ဗျတ္တ၊ ပဋိဗလပြည့်စုံသော ဆရာတော်များ လိုအပ်လျက်ရှိသည်။
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်
ဝိသာခါကျောင်းအမကြီး ဆောက်လုပ်လှူဒါန်းသည့် ပုဗ္ဗာရုံကျောင်း၌ ဥပုသ်နေ့တွင်
ရဟန်းသံဃာတော်များခြံရံလျက် သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာက “အရှင်ဘုရား
သာယာဖွယ်ညချမ်း၏ ပထမယာမ်အချိန်တွင် ရဟန်းအပေါင်းလည်း အချိန်ကြာမြင့်စွာ
သီတင်းသုံးလျက် ရှိပါပြီ၊ ပါတိမောက်ပြတော်မူပါဘုရား”ဟု လျှောက်ထားသည်။ ထိုအခါ
ဘုရားရှင်သည် ဆိတ်ဆိတ်နေတော်မူသည်။ ညဉ့်၏ဒုတိယယာမ်တွင် လျှောက်ထား သော်လည်း
ဆိတ်ဆိတ်နေမြဲနေတော်မူသည်။ တတိယယာမ်တွင် ထပ်မံလျှောက်ထားသော အခါတွင်မူ “အပရိသုဒ္ဓါ
အာနန္ဒ ပရိသာ၊ အာနန္ဒာ ပရိသတ်သည် မစင်ကြယ်”ဟုသာ ဘုရားရှင်က မိန့််ကြားတော်မူသည်။
ထိုအခါ ရှင်မဟာမောဂ္ဂလာန်မထေရ်က
ရဟန်းတော်အပေါင်းတွင် ရောနှောပါဝင်လျက်ရှိသော ဒုဿီလပုဂ္ဂိုလ်ကို “ငါ့ရှင်သံဃာအတွင်းမှထွက်သွားပါ၊
ငါ့အရှင်အဖြစ်ကို ဘုရားရှင်သိတော်မူ၏။ သင့်တွင် ရဟန်းအပေါင်းနှင့် ဆက်ဆံခွင့်မရှိ”ဟု
ပြောဆိုနှင်ထုတ်တော်မူသည်။ ထိုသို့ပြောဆို ပါသော်လည်း ဒုဿီလရဟန်းသည်
ထွက်ခွာသွားခြင်းမရှိ၊ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် သုံးကြိမ်တိုင်တိုင် ထွက်ခွာရန် ပြောဆိုနှင်ထုတ်ပါသော်လည်း ထွက်ခွာခြင်းမရှိသည့်အတွက်
ထိုဒုဿီလရဟန်းကို လက်မောင်းမှဆွဲ၍ တံခါးအပြင်ဘက်ထုတ်ကာ တံခါးကို
ပြန်ပိတ်တော်မူသည်။ ထို့နောက် ဘုရားရှင်ကို ဒုဿီလပုဂ္ဂိုလ်အား
နှင်ထုတ်အပ်ပြီးကြောင်း လျှောက်ထားရာ ဘုရားရှင်က “ဆွဲထုတ်မှ ထွက်သွားရသလား
မောဂ္ဂလာန်ရယ်”ဟု သံဝေဂဖြင့် မိန့်ကြားတော်မူခဲ့သည်။
ဤအကြိမ်မှစတင်ကာ
ဘုရားရှင်ကိုယ်တော်တိုင် ဥပုသ်နေ့ပါတိမောက်ရွတ်ဆိုဥပုသ်ပြုခြင်းမှ ရပ်နားတော်မူ၍
ရဟန်းသံဃာတို့ကိုသာ ဥပုသ်ပြုစေတော်မူခဲ့ပါသည်။ ဤအဖြစ်အပျက်ကို ရည်ညွှန်းတော်မူ၍
မဟာသမုဒ္ဒရာ၏ အံ့ဖွယ်တော်ရှစ်ပါးနှင့် သာသနာတော်၏ အံ့ဖွယ်တော်ရှစ်ပါးတို့ကို
နှီးနှောဟောပြတော်မူခဲ့ပါသည်။ မဟာသမုဒ္ဒရာ၏ အံ့ဖွယ်တော်ရှစ်ပါးကို “အစဉ်နက်ဝှမ်း၊
ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ငန်မျိုးရသာ၊
များရတနာနှင့်၊ ကြီးသူနေရာ၊ ဤရှစ်ဖြာ သည်၊ မဟာသမုဒ္ဒရာ အံ့ဖွယ်တည်း”ဟု
မှတ်သားနိုင်ပါသည်။ အံ့ဖွယ်ရှစ်ဖြာနှင့်ပြည့်စုံ သော ဘုရားရှင်၏
သာသနာတော်မြတ်ကြီးကို အစဉ်တစိုက် အံ့ဖွယ်ရှစ်ဖြာနှင့် ပြည့်စုံစေရန်
ထိန်းသိမ်းရမည်မှာ ဘုရားရှင်၏ တပည့်သာဝကများ တာဝန်ဖြစ်သည်။
သုံးခုမြောက်အံ့ဖွယ်ဖြစ်သည့် ဒုဿီလအညစ်အကြေးများကို သာသနာတော်အတွင်းမှ ဖယ်ရှား ရှင်းလင်းနိုင်ရန်အတွက်
အရှင်မဟာမောဂ္ဂလာန်ကဲ့သို့ သာသနာတော်အပေါ် တာဝန်ကျေသည့် ဗျတ္တ၊ ပဋိဗလပြည့်စုံသော
ပုဂ္ဂိုလ်များလိုအပ်သည်။
လေးခုမြောက်အံ့ဖွယ်ဖြစ်သည့်
မည်သည့်အမျိုးအနွယ်က ရဟန်းပြုခဲ့သည်ဖြစ်စေ သာဂီမျိုးသာဂီနွယ် ဘုရားသားတော် ရဟန်းတော်များဖြစ်သည်ဟုသာ
အမည်ခံရမည်သာဖြစ်သည်။ “ဘုရားတပည့်တော်တို့၏ ခေတ်တွင်မူ တိုင်းဒေသကြီး နှင့်
ပြည်နယ်များမှဖြစ်စေ၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွင် တရားဝင်ခွင့်ပြုထားသည့်
ဂိုဏ်းကြီးကိုးဂိုဏ်းမှဖြစ်စေတိုင်းအလိုက်၊ ဂိုဏ်းအလိုက် မခွဲခြားမူ၍
ဘုရားသားတော်ရဟန်းတော်များအဖြစ် ညီတော်နောင်တော်များ တော်စပ်ကြသည်ဖြစ်ရာ
ညီညီညွတ်ညွတ် သမဂ္ဂသမ္မောဒမာနဖြစ်ကြ၍ သာသနာတော်ကြီး သန့်ရှင်း
တည်တံ့ပြန့်ပွားစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်ဘုရား”ဟု ဥက္ကဋ္ဌဆရာတော်ကြီးက မိန့်ကြားတော်မူပါသည်။
သို့ဖြစ်ရာ ဥက္ကဋ္ဌဆရာတော်ကြီး
မိန့်ကြားတော်မူသည့်အတိုင်း အံ့ဖွယ်ရှစ်ဖြာ နှင့်ပြည့်စုံတော်မူသော ဘုရားရှင်၏
သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ညီညီညွတ်ညွတ် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့်
အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ရေး မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရှစ်ဖြာ သာသနာတော်လာ
အင်္ဂါရပ်တို့ကို ပွားများဆင်ခြင် နှလုံးသွင်းတော်မူကြ၍ ဝိမုတ္တိရသနှင့်
ကိုယ်တိုင်လည်း ပြည့်စုံအောင်၊ အခြားဘုရားသားတော် တပည့်များ၊ ဒါယကာ၊
ဒါယိကာမများကိုလည်း ပြည့်စုံအောင် ကြိုးစားအားထုတ်ကြမည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ

No comments