ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၄) (အခြားသောအသင်းအဖွဲ့များ)
မြင့်စိုး(နတလ)
နှလုံးလှလူသားများ
ခေါင်းစဉ်အောက်မှာ
MSME ဆောင်းပါးများရေးနေရင်းက
“မိုခါ” ကို သတိရစရာတွေ ပေါ်လာပြန်ပါသည်။ “မိုခါ မုန်တိုင်းဒဏ်သင့်
ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့်
ဂုဏ်ပြုဆောင်းပါးများ ရေးခဲ့စဉ်က ဝန်ကြီးဌာန ၁၃ ခုနှင့်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ အတွက် တစ်ပုဒ်စီသီးခြားဖော်ပြပေးခဲ့ပါသည်။
သို့သော်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများနှင့် ရခိုင်
ပြည်နယ် အစိုးရအဖွဲ့တို့ကဲ့သို့ပင် တပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များကလည်း
အားကြိုးမာန်တက် ပါဝင်ခဲ့ကြပါသည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ)
မိသားစုများကလှူဒါန်းသော အလှူငွေနှင့် ပစ္စည်းများအပြင် ပြည်တွင်း၊ ပြည်ပ
စေတနာရှင်၊ အလှူရှင်များကလည်း ငွေနှင့်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
ထို့ပြင်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး (ဗဟို)၊ သဘင်အစည်းအရုံး (ဗဟို)၊
ဟာသပညာရှင်များ အစည်းအရုံးတို့မှ အနုပညာရှင်များက ပဒေသာကပွဲမှရရှိသော အလှူငွေ၊
ဘောလုံး ပြိုင်ပွဲများမှ ရရှိသောအလှူငွေတို့ကို စစ်တွေမြို့အထိ
လာရောက်ပေးအပ်လှူဒါန်းပြီး ဖျော်ဖြေရေအစီအစဉ်များပါ ပြုလုပ်သွားကြသေး၏။ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ
နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများကလည်း လာရောက်ဖျော်ဖြေပြီး
စိတ်ခွန်အား မြှင့်တင်ပေးကြသည်။
ထို့ပြင်တစ်ဝ ဝန်ထမ်းများထဲမှ
အလုပ်လုပ်ရင်းကွယ်လွန်သွားသူ၊ နေပူမရှောင် မိုးရွာမရှောင် တက်တက်ကြွကြွ
လုပ်ကိုင်နေသူများကို တွေ့မြင်ခဲ့ရသဖြင့် သူတို့အားလုံးကိုရည်ညွှန်း၍
“မိုခါမုန်တိုင်း ကြားက နှလုံးလှလူသားများ” ခေါင်းစဉ်အောက်မှာ
ရေးသားဂုဏ်ပြုပေးခဲ့ပါသည်။
ယခုလည်း ပြည်ထောင်စုအဆင့် MSME
ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ဝန်ကြီးဌာနများ၊
ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြုပြခန်းများ၊ အသင်းအဖွဲ့များ စုစုပေါင်း ၉၆
ခန်းရှိရာ ဝန်ကြီးဌာနအားလုံး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြခန်းအားလုံး၊
အသင်းအဖွဲ့အားလုံးကို တစ်ခုချင်းစီ၊ တစ်ဖွဲ့ချင်းစီ ဂုဏ်ပြုရေးသားရန်
အခက်အခဲရှိပါသည်။ သို့ဖြစ်၍ “အခြားသောအသင်း အဖွဲ့များ” ခေါင်းစဉ်အောက်မှာ
ရေးသားခွင့်ပြုတော်မူကြပါကုန်။ အချိန်ကာလနှင့် အကြောင်းမညီညွတ်၍
ကျွန်တော့်ရေးသားဖော်ပြမှုတွင် မပါဝင်ခဲ့လျှင်လည်း နားလည်ခွင့်လွှတ် ပေးတော်မူကြပါကုန်။
တိုင်းရင်းဆေးပြခန်း
စင်စစ်
တိုင်းရင်းဆေးဆိုသည့်ဝေါဟာရသည် ကျွန်တော်နှင့်သိပ်မစိမ်းခဲ့ပါ။ ၁၉၇၆ ခုနှစ်
ကျွန်တော် ဆယ်တန်းအောင်ချိန်မှာ ကျွန်တော်၏ ဇာတိလေးမျက်နှာမြို့က
အစ်ကိုတော်တစ်ယောက်နှင့် ရန်ကုန်မှ အစ်မတော်တစ်ယောက်တို့က
တိုင်းရင်းဆေးသိပ္ပံ(မန္တလေး) မှာတက်ရောက် သင်ကြား နေကြပေပြီ။ ထိုနှစ်ယောက်အနက်
အစ်ကိုတော်က တိုင်းရင်းဆေးသမားတော်ကြီး အဝေရာ
ဦးသိန်းဝင်းအမည်ဖြင့် နိုင်ငံကျော်ခဲ့သည်။
ပုသိမ်မြို့ရှိ
သူ၏အဝေရာဆေးတိုက်မှ တိုင်းရင်းဆေးမျိုးစုံထုတ်လုပ်၍ ဝေဒနာရှင်များကို ယနေ့အချိန်ထိ
ကုသပေးလျက်ရှိပါသည်။ မကြာမီ က ကျင်းပပြီးစီးသွားခဲ့သော ပြည်ထောင်စုအဆင့် MSME
ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးတွင် တိုင်းရင်းဆေး ပြခန်းကိုပါ တွေ့မြင်လိုက်ရသောအခါ
တိုင်းရင်း ဆေးသိပ္ပံ(မန္တလေး) ကို ပြေး၍သတိရမိသည်။ အဆိုပါကျောင်းကို ၁၉၇၆ ခုနှစ်
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ တိုင်းရင်းဆေး သိပ္ပံနှင့်တွဲ၍ (၂၅)
ခုတင်ဆံ့ သင်ကြားရေးဆေးရုံကို လည်း ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်
ဖွင့်လှစ်၍ အထောက်အကူပြုပရဆေးဥယျာဉ်နှင့် ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေးဌာနခွဲ
တစ်ခုကိုပါ ဖွင့်လှစ်ပေးခဲ့ကြောင်း လေ့လာသိရှိရသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနကို ၁၉၈၉
ခုနှစ် တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်၌ ဖွဲ့စည်း ပေးခဲ့ပြီး ၁၉၉၈ ခုနှစ်တွင်
ဦးစီးဌာနကြီးအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ဖွဲ့စည်းပေးခဲ့သလို တိုင်းရင်း
ဆေးသိပ္ပံ(မန္တလေး)သည် ၂၀၀၁ ခုနှစ်တွင် တိုင်းရင်း ဆေးတက္ကသိုလ်(မန္တလေး)ဟူ၍
ပြောင်းလဲဖြစ်ပေါ် လာခဲ့သည်။ ၁၉၉၈-၁၉၉၉ ခုနှစ်မှစ၍ အထက်မြန်မာပြည်ရှိ တိုင်းရင်းဆေးရုံကြီးများ၊
မြို့နယ် တိုင်းရင်းဆေးကုဌာနများအတွက် ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးပေးရန်
စက်ရုံပေါ်ပေါက်လာခဲ့ကာ လက်ရှိ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ(မန္တလေး)ကိုမူ ၂၀၁၉
ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘို ရွှေကျင်ရပ်၌
တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းစက်ရုံမှထုတ်လုပ်သော
တိုင်းရင်း ဆေးဝါးများကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီး သီးရှိ ခုတင် (၁၀၀) ဆံ့
တိုင်းရင်းဆေးရုံ သုံးရုံ၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ ကိုးရုံ၊ (၂၅)
ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၁၃ ရုံ၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၂၄ ရုံ၊
မြို့နယ်တိုင်းရင်းဆေးကုဌာနပေါင်း ၂၁၀ တို့ သို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
တိုင်းရင်းဆေးဝါး လုပ်ငန်းစက်ရုံ (မန္တလေး) တည်ဆောက်ဖွင့်လှစ်
ရခြင်း၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာ
ဖြင့် စောင့်ရှောက်မှုပေးရာတွင် အဓိက လိုအပ်ချက်ဖြစ်သော တိုင်းရင်းဆေးဝါးများ ကို
ဖော်စပ်ထုတ်လုပ်ပေးရန်၊
(ခ) အစွမ်းအာနိသင်ထက်မြက်သော
တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုတ်လုပ်ရာတွင် ခေတ်မီ နည်းစနစ်များအသုံးပြု၍
အရည်အသွေးပြည့်ဝပြီး အရေအတွက်လျာထားချက် ပြည့်မီအောင် ထုတ်လုပ်ရန်၊
(ဂ) တိုင်းရင်းဆေးဝါးများ
ဖော်စပ်ထုပ်လုပ်ရာတွင် နိုင်ငံတကာအဆင့်မီ နည်းမှန်ထုတ်လုပ်မှု
ကျင့်စဉ်များနှင့်အညီ ထုတ်လုပ်ရန်၊
(ဃ) တန်ဖိုးမြင့်မား၍
ဘေးထွက်ဆိုးကျိုးများသော နိုင်ငံခြားဆေးများနေရာတွင် တန်ဖိုးနည်း၍
ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အာနိသင်ထက်မြက်သော တိုင်းရင်းဆေးဝါးများ
ဖော်စပ်ထုတ်လုပ်ရန်။
နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်ချက်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂
ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော (၂၃) ကြိမ်မြောက် မြန်မာ့
တိုင်းရင်းဆေးသမားတော်များညီလာခံတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က အောက်ပါအတိုင်းမိန့်ကြားခဲ့ပါသည် -
“တိုင်းရင်းဆေးကုန်ကြမ်းတွေကို
အခြေခံတဲ့ မြန်မာ့တိုင်းရင်းဆေးဝါးတွေရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား
စီးပွားရေးလုပ်ငန်း MSME တွေကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပံ့ပိုးလျက် ရှိပါတယ်။
မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး MSME လုပ်ငန်းတွေကို အိမ်တွင်း စက်မှုလုပ်ငန်း
သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်မှ သည် ပြည်ပပို့ကုန်အထိ ဖြစ်စေရေးအတွက်
တိုင်းရင်းဆေးဝါးတွေကို အရည်အသွေးမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်နိုင်
ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။”
တိုင်းရင်းဆေး၏အောင်မြင်မှု
(သို့မဟုတ်) ဝိသမအဖျားပျောက်ဆေး
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သော
ကိုဗစ်ကပ်ရောဂါ၏ဒဏ်ကို မြန်မာပြည်သူပြည်သားများလည်း အလူးအလဲခံစားခဲ့ကြရသည်။
ဆုံးရှုံးမှုများပြားခဲ့သည်။ တစ်ကိုယ်ရေကျန်းမာရေးအသိ မြင့်မား တိုးတက်လာမှုနှင့်အတူ
စုပေါင်းအားကိုရယူကာ ညီညီညွတ်ညွတ်တွန်းလှန်၍ ကာကွယ်ခဲ့ကြရသည်။ ဤအခြေအနေဆိုးကြီးကြုံရချိန်တွင်
ကာကွယ်ဆေးများ မပေါ်ပေါက်မီ ပုံမှန်သုံးစွဲနေသည့် အကိုက်အခဲပျောက်ဆေးများပင်
ပြတ်လပ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ သို့ဖြစ်၍ ကျန်းမာရေးဝန်ကြီး ဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးအနေဖြင့် ဆေးခါးကြီးကိုအခြေခံလျက် ကာကွယ်
ဆေးနှင့်ကုသဆေးတို့ ထုတ်လုပ်ရေးဆောင်ရွက်သွားရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင်
ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့
အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းလမ်းညွှန်ချက်အရ
တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။ သုတေသနအဆိုပြုလွှာကို
စနစ်တကျ ရေးသားပြုစု၍ သုတေသနကျင့်ဝတ်ကော်မတီသို့ အဆင့်လိုက်တင်ပြပြီး
ခွင့်ပြုချက်ရယူကာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ဝိသမအဖျားပျောက်ဆေးတွင် အောက်ဖော်ပြပါ
ပစ္စည်းများ ပါဝင်ပါသည် -
(က) ဆေးခါးကြီး (Andrographis
paniculata)
( ခ ) ဆင်တုံးမနွယ် (Tinospora cordifolia)
( ဂ ) နံ့သာဖြူ (Santalum album L.)
(ဃ) ချင်း (Zingiber officinale
Roscoe)
အဆင့်ဆင့်ဆောင်ရွက်ခဲ့ရသော သုတေသနလုပ်ငန်းများ
သုတေသနအဆင့် (၁)အရ
ပါဝင်ဆေးပစ္စည်းများဖြင့် စမ်းသပ်ဖော်စပ်ပြီး ဆေးဝါးအရည်အသွေး ကို
ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့သည်။ ဆက်လက်၍ သုတေသနအဆင့် (၂) လုပ်ငန်းများဖြစ်သော ဝိသမ အဖျားပျောက်ဆေး၏
လတ်တလောအဆိပ်အာနိသင် (Acute toxicity) ကို ဓာတ်ခွဲခန်း တိရစ္ဆာန်များပေါ်တွင်
စမ်းသပ်လေ့လာခြင်း၊ ရေတိုအဆိပ်အာနိသင် (Sub acute toxicity) ကို
စမ်းသပ်လေ့လာခြင်း၊ လူအန္တရာယ်ကင်းစွာအသုံးပြုနိုင်မည့် ဆေးချိန်ပမာဏသတ်မှတ်ခြင်း၊
သုတေသန ရလဒ်များအား ကျန်းမာရေးဝန်ကြီးဌာန နှင့် သုတေသနကျင့်ဝတ်ကော်မတီသို့
တင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
သုတေသနအဆင့် (၃) လုပ်ငန်းများမှာ
ဝိသမအဖျားပျောက်ဆေး၏ အန္တရာယ်ကင်းရှင်းမှုနှင့် ဆေးအပေါ် ခံနိုင်ရည်ရှိမှုတို့ကို
ကျန်းမာသန်စွမ်းသူများနှင့် စမ်းသပ်ခြင်းဖြစ်ပါသည်။ သုတေသနအဆင့် (၄)
လုပ်ငန်းစဉ်များမှာ ဝိသမအဖျားပျောက်ဆေး၏ အကျိုးထိရောက်မှုကို ကိုဗစ်-၁၉ ရောဂါ
အတည်ပြုသာမန်လက္ခဏာရှိ လူနာများတွင်စမ်းသပ်၍ ရလဒ်များ ဖော်ထုတ်ခြင်း ဖြစ်ပါသည်။
အကျိုးကျေးဇူးနှင့်ရလဒ်များ
တိုက်ကျွေးနိုင်သော ဆေးပမာဏကို
တိကျစွာသိရှိဖော်ထုတ်နိုင်ခြင်း၊ ကိုဗစ်ရောဂါ လက္ခဏာများ သက်သာပျောက်ကင်းစေခြင်း၊
အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ခြင်း စသည့်သုတေသန ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။
ထိုသို့ရရှိခဲ့သော သုတေသနရလဒ်နှင့် လုပ်ငန်းပြီးစီးမှုအစီရင်ခံစာကို ကျန်းမာရေး
ဝန်ကြီးဌာနနှင့် သုတေသနကျင့်ဝတ်ကော်မတီသို့ တင်ပြခဲ့သည်။ တစ်ဆက်တည်းမှာပင် သုတေသန
ရလဒ်များကောင်းမွန်ပြီး အကျိုးကျေးဇူးရှိသည့်အတွက် တိုင်းရင်းဆေးဝါးစက်ရုံမှ
ထုတ်လုပ်ရန် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်လျှောက်ထား ၍
ခွင့်ပြုချက်ရယူခဲ့သည်။
သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး
ပထမဦးဆုံး ထုတ်လုပ်ခဲ့သည့် တိုင်းရင်းဆေးဝါးတစ်လက်ဖြစ် သော ဝိသမအဖျားပျောက်ဆေးကို
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကု ဌာနများသို့
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လမှစ၍ ဖြန့်ဝေပို့ဆောင်ပေးကြောင်း သိရသည်။ ယင်းဆေးသည်
ကိုဗစ် -၁၉ ရောဂါသာမက အအေးမိ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊
သလိပ်ကပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းအုံခေါင်းကိုက် ခြင်း၊ ကိုယ်လက်ကိုက်ခဲဖျားနာခြင်း၊
ရာသီဖျား၊ တုပ်ကွေးဖျားရောဂါများကို သက်သာပျောက်ကင်းစေပြီး လူနာဦးရေ ၁၀၇၉၀ ကို
ကုသပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနက သင်တန်းများပို့ချပေးမှု
တိုင်းရင်းဆေးဆိုင်ရာ အသေးစား၊
အငယ်စား နှင့် အလတ်စား (MSME) လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသည့်
လုပ်ငန်းရှင်များကို တိုင်းရင်း ဆေးပညာဦးစီးဌာနက သင်တန်းများပို့ချပေးလျက် ရှိရာ
အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေး ဖြည့်စွက်စာဆိုင်ရာ
ကောင်းမွန်သောထုပ်လုပ်မှု ကျင့်စဉ် (Good Manufacturing Practice-GMP) သင်တန်း
ခြောက်ကြိမ်၊ အာဆီယံတိုင်းရင်းဆေးဝါး နှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ
အရည်အသွေး ထိန်းသိမ်းခြင်း၊ တည်မြဲမှုနှင့်သက်တမ်း၊ ဆေးညွှန်း
ဖော်ပြချက်ဆိုင်ရာများလေ့လာခြင်း (Quality Control, Stability & Shelf-life,
Labeling Requirements and Claims Benefits for TM/HS) သင်တန်း နှစ်ကြိမ်၊ ISO
9001 (2015) အသိ ပညာပေးသင်တန်း လေးကြိမ်၊ မူပိုင်ခွင့်အကြောင်း သိကောင်းစရာများ
အသိပညာပေး ဟောပြောပွဲ ကျင်းပပေးခြင်း တစ်ကြိမ်တို့ ဖြစ်ပါသည်။
GMP ရရှိထားပြီးဖြစ်သော
တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ နှစ်ရုံမှာ Fame Pharmaceuticals Laboratory၊
ဦးသာရင်နှင့် လွင်မြင့်အောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့ဖြစ်သည်။ ISO
ရပြီးသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ ခုနစ်ရုံမှာ Fame၊ ဦးသာရင်နှင့်
လွင်မြင့်အောင်၊ ကေသီပန်၊ မှန်ချို၊ မောရိယ၊ စကြာမင်းနှင့် ရုပ်ပျို
တိုင်းရင်းဆေးတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးဝါးများကို
စစ်ဆေးခြင်း
တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေး
စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော
တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် ဈေးကွက်အတွင်း
ရောင်းချနေသော တိုင်းရင်းဆေးဝါးများကို Pre-market နှင့် Post-market surveillance
စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေး လျက်ရှိပါသည်။ ဈေးကွက်တွင် တိုင်းရင်းဆေးဝါး ဥပဒေအရ
မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါး၊ စံမညီတိုင်းရင်းဆေးဝါး
(တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီ မဟုတ်ဘဲ
ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး)၊ အနောက်တိုင်းဆေးများရောနှောထားသော
တိုင်းရင်းဆေးဝါးများကို စိစစ်တွေ့ရှိရပါက အများပြည်သူသုံးစွဲရန်မသင့်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများတွင်
နှိုးဆော်ချက်ထုတ်ပြန်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ဆက်လက်၍ သတင်း
ပေးပို့ဆောင်ရွက်ခြင်းများပြုလုပ်၍ ထိန်းသိမ်း ကြပ်မတ်လျက်ရှိပါသည်။
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်
(အသစ်) လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နံပါတ်ရရှိပြီးပါက
တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လိုင်စင်(အသစ်) လျှောက်ထားရမည်ဖြစ်သည်။
လုပ်ငန်းရှင်များအနေဖြင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်
လျှောက်လွှာများကို တိုင်းရင်းဆေးပညာဦးစီးဌာန Website လိပ်စာ www.dtm.gov.mm တွင်
အခမဲ့ download ရယူနိုင်ပါသည်။ လျှောက်လွှာရရှိပြီးပါက မြို့နယ်၊ ခရိုင်၊
တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်း ဆေးဝါးကြီးကြပ်ရေးကော်မတီများထံမှ ထောက်ခံချက်အဆင့်ဆင့်ရယူပြီး
တိုင်းရင်းဆေးပညာ ဦးစီးဌာန ရုံးအမှတ် (၄၇) နေပြည်တော်၏ ဆေးဝါး
မှတ်ပုံတင်ဌာနစိတ်သို့ လာရောက်ဆက်သွယ်၍ ဆောင်ရွက်ရပါမည်။
တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်
သက်တမ်း သုံးနှစ်ပြည့်ပြီးပါကလည်း လိုင်စင် သက်တမ်းတိုး လျှောက်ထားကြရမည်ဖြစ်သည်။
ဂုဏ်ယူဝမ်းမြောက်မိပါသည်
ကျန်းမာရေးဝန်ကြီးဌာန
တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ၏ တိုင်းရင်းဆေး ထုတ်လုပ်သူများ၊
လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးသမားတော်ကြီးများကို ကိုယ်စားပြုလျက်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ ကြီးတွင် တိုင်းရင်းဆေးပြခန်းကို
ပါဝင်ပြသနိုင်ခြင်း သည် များစွာဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။
ယနေ့ခေတ် တွေ့မြင်နေရသော
တိုင်းရင်းဆေး အဖုံဖုံတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ခဲ့သော
တော်ဝင်နန်းသုံးဆေးစွမ်းကောင်းများ ပါဝင်နေသလို တိမ်မြုပ်ပျောက်ကွယ်လုဆဲဆဲ ဆေးနည်းများလည်း
ရှိနေသဖြင့် လက်ဆင့်ကမ်းအမွေပေး နိုင်ရန် အထူးလိုအပ်လှပါသည်။ မိမိတို့နိုင်ငံ၊
မိမိတို့လူမျိုးအတွက် ဂုဏ်ယူမြတ်နိုးဖွယ်ရာ တိုင်းရင်းဆေးများဖြင့်
ထာဝစဉ်ရှင်သန်ရပ်တည် အကျိုးပြုနိုင်ပါစေကြောင်း ဆုတောင်းပတ္ထနာပြုလျက်. . . . .။ ။
(ဆက်လက်ဖော်ပြပါမည်)




No comments