နိုင်ငံနှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် အလုပ်သမားကြီးများက ကိုယ်အားဉာဏ်အားရှိသမျှ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်

ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ


(၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်)

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည် အလုပ်သမားများအနေဖြင့် မိမိတို့၏အခွင့်အရေးကို သိရှိကာ မိမိတို့၏အခွင့်အရေးအတွက် ကိုယ်တိုင်တောင်းဆိုရာမှ ပေါ်ပေါက်လာခဲ့သည့် အလုပ်သမားများအတွက် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့(မေဒေးနေ့) ဖြစ်ပါသည်။


ကမ္ဘာ့နိုင်ငံအသီးသီး၌ နှစ်စဉ်မေလ(၁)ရက်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား များကျင်းပကြပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၃၈ ခုနှစ်၊ မေလ(၁)ရက်မှစတင် ကျင်းပခဲ့ပါသည်။ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် မရှိမဖြစ်အရေးပါသည့် အဓိက စွမ်းအားစုကြီးဖြစ်သော အလုပ်သမား ကြီးများအား ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ်ကျင်းပခဲ့ကြရာ ယခု ၂၀၂၅ ခုနှစ်၊ မေလ(၁) ရက်နေ့တွင် (၈၇)ကြိမ်မြောက်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။        


ယနေ့ကျရောက်သည့် အလုပ်သမားနေ့တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး တို့အတွက် ကာယစွမ်းအား၊ ဉာဏစွမ်းအားများကိုရင်းကာ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စေတနာတို့ဖြင့် ပေးအပ်လျက်ရှိကြသည့် အလုပ်သမားကြီးများအပါအဝင် ပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။


နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေးတို့အတွက် ဒေသအလိုက် သဘာဝ ထွက်ကုန်များကိုအခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များကို အားပေးမြှင့်တင်၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်အောင် ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့သောအချိန်ခါသမယတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု လျက်ရှိသည့် အလုပ်သမားကြီးများအား လေးစားစွာဂုဏ်ပြုပါကြောင်း ဦးစွာပထမ ဖော်ပြ အပ်ပါသည်။


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

နိုင်ငံတော်အစိုးရသည် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရေး၊ အလုပ်လက်မဲ့နှုန်း ကျဆင်းစေရေး၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းမှ ပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့နိုင်ရေးတို့အတွက် MSME လုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည့် အလုပ်သမားကြီး များကို လူမှုစီးပွားဘဝမြှင့်တင်ပေးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများကို အဆင့်မြှင့်တင်ရေး၊ တိုးမြှင့်တည်ထောင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများသော ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပြည်တွင်းသာမက ပြည်ပ နိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့ကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်ရာတွင် အလုပ်သမားများ၏ အခန်းကဏ္ဍ ပိုမိုအားကောင်း လာစေရေးအတွက် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အညီ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုထားပါသည်။ အလုပ်သမားအဖွဲ့အစည်း (၃၁၁၆)ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း(၂၈)ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်သမားများ၏ အခွင့်အရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးလျက် ရှိပါသည်။


စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများတွင် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်သမားရေးရာ စစ်ဆေး စည်းကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဖွဲ့စည်းပြီး ဒေသတွင်းနိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှစတင်၍ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN Occupational Safety and Health Network- ASEAN–OSHNET)တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်အနေဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အတွက် ILO မှ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့် တိုက်တွန်းချက်များကို နိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသကဲ့သို့ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကိုလည်း ILO နှင့် ပူးပေါင်း ဖြေရှင်းလျက်ရှိပါသည်။


အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက် (၁၈၂) အရ ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့်ခိုင်းစေခြင်းမရှိစေရန် တည်ဆဲဥပဒေများနှင့်အညီ ကာကွယ် တားဆီးခြင်း၊ ပညာပေးဟောပြောခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ဖြင့် ထိန်းသိမ်းကြပ်မတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။


အလုပ်ရှင်နှင့်အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ စေရေးနှင့် အငြင်းပွားမှုများအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတ မှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရေးတို့မှာ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (၂၉၈၂) ဖွဲ့၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ (၃၂၅)ဖွဲ့၊ ခုံသမာဓိအဖွဲ့ (၁၅)ဖွဲ့၊ ခုံသမာဓိကောင်စီ (၁)ဖွဲ့တို့ဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းသွား ရောက်၍လည်း အသိပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေခြင်းသာမက ကုန်ထုတ်လုပ်မှုတိုးတက်စေခြင်း အကျိုးကျေးဇူးကိုပါ ရရှိနိုင်မည် ဖြစ်ပါသည်။


နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးအတွက် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း အရ အကျုံးဝင်မြို့နယ်ပေါင်း (၁၂၆) မြို့နယ်မှ အာမခံအလုပ်သမားအား ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း၌လည်း အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်ဖြစ်သော ကျပ်ငွေသန်းပေါင်း ၇၁,၈၅၅ ဒသမ ၅၄၉ (၇၁ ဒသမ ၈၅၆ ဘီလီယံ) ထောက်ပံ့ပေးခဲ့ပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့ရသည့် အာမခံအလုပ်သမား (၃၃၉၄)ဦးကိုလည်း ကျပ်ငွေ သန်းပေါင်း၂၆၆ ဒသမ ၂၉၇ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိသည့် မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ကျပ်ငွေသန်းပေါင်း ၂၁,၇၀၃ ဒသမ ၁၀၄ (၂၁ ဒသမ ၇၀၃ ဘီလီယံ) ကို ထောက်ပံ့ပေးအပ်ရန် စီစဉ်လျက်ရှိပါသည်။


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ် လျက်ရှိသဖြင့် ပြည်ပသို့သွားရောက် လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်ရေး တို့ကိုဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် Job Fair များ ကျင်းပကာ One Stop Service ဖြင့် အလုပ်ခန့်နိုင်အောင် အလုပ်ရှင်များနှင့် ပူးပေါင်းစီစဉ်ပေးခြင်း၊ ထိရောက်သော အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုပေး နိုင်ရေးအတွက် Labour Exchange Management System ရေးဆွဲကာ Website တွင် လွှင့်တင် ပေးထားပါသည်။ ပြည်ပသို့ မြန်မာအလုပ်သမားစေလွှတ်ရာတွင်လည်း လစာဝင်ငွေနှင့် အကျိုး ခံစားခွင့်ကောင်းသောနိုင်ငံများသို့ ဦးစားပေးစေလွှတ်ခြင်း၊ သတ်မှတ်ကာလပြည့်မြောက်၍ မိမိနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသော အရေအတွက်နှင့် စေလွှတ်ပေးရမည့် အရေအတွက်တို့အား နှိုင်းယှဉ်တွက်ဆခြင်းတို့ဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။


မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်၊ ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျပြန်လည်အသုံးချနိုင်ရန်နှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ၎င်းတို့၏မိသားစုထံသို့ တရားဝင် လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများလွှဲပို့ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်၍ အလုပ်သမားများကို ဥပဒေနှင့်အညီ ပြည်ပနိုင်ငံများသို့ စေလွှတ်ပေးလျက် ရှိပါသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ် တာဝန်ပေးထားပြီး အလုပ်သမားသံအရာရှိ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ သံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။


နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရန် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ အလုပ်သမားတို့၏ အခန်းကဏ္ဍမှာ ကြီးမားစွာပါဝင်လျက်ရှိပါ သည်။ ပြည်တွင်းရှိအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ၍ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက် မြင့်မားရေး၊ ပြည်ပမှကုန်များ ဝယ်ယူတင်သွင်းနေရသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရေးဆောင်ရွက်ရာတွင် အလုပ်သမားအင်အားစုကြီး၏ စွမ်းဆောင်မှုသည်သာ အဓိကဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် အလုပ်သမားကြီးများက ကိုယ်အားဉာဏ်အားရှိသမျှ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

No comments

Powered by Blogger.