ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ
နေပြည်တော် မေ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်
ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေနှင့်
ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပေါင်းလောင်းရေလှောင်တမံ
အပေါ်ယံ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့မှုအပေါ် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြုပြင်
ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ရာဂီမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲ
ပထမအဆင့် ထိခိုက်ပျက်စီးခဲ့မှုအား ပြင်ဆင်ဆောင်ရွက်ရန် စတင်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း
ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှု
အခြေအနေ မျက်မြင်စစ်ဆေးမှု အစီရင်ခံစာ ပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊
ရာဂီမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပြင်ဆင် ဆောင်ရွက်ရာတွင် လက်ရှိပျက်စီးနေမှုနှင့်
ပျက်စီးနိုင်ခြေရှိသော အခြေအနေများအပေါ် အခြေခံကာ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ရရှိလာသော
ဒီဇိုင်းများအပေါ် ရေရှည်ခိုင်ခံ့မှုကောင်းမွန်စေရန်နှင့် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ
အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ပေါင်းလောင်းတမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်စေရန်
ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး
သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံတွေ့ လာရမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအား အသေးစိတ်ကြည့်ရှုနိုင်ရန်
Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပြီး
လက်ရှိ စစ်ဆေးတွေ့ရှိမှု အခြေအနေများအရ ရေလှောင်တမံကြံ့ခိုင်လုံခြုံမှု အခြေအနေမှာကောင်းမွန်ပြီး
စိုးရိမ်ရန် မရှိကြောင်း၊ ပေါင်းလောင်းရေလှောင်တမံသည် ဘက်စုံ ရေလှောင်တမံတစ်ခုဖြစ်ပြီး
လျှပ်စစ်ထုတ်လွှတ်ရေမှ ပိုလျှံရေများကို ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံး
ပြုနေသော စီမံကိန်းတစ်ခုဖြစ်ပြီး (၂၀၂၄-၂၀၂၅) ခု နွေစပါးရေပေး ရာသီတွင် နွေစပါးနှင့်
နွေသီးနှံ ဧက ၉၁၇၀ ကို စိုက်ပျိုးရေပေးဝေ လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်
စက်စက်ယိုဆည်ရေသောက် ဧရိယာ အတွင်းရှိ ကျောက်အိုးလျှိုပိတ်တမံ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့်တမံကိုယ်ထည်နှင့်
ရေထုတ်ပြွန် ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍
လိုအပ်သည့်နည်း ပညာပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ဇေယျာသီရိမြို့နယ်ရှိ
စိုက်ပျိုးရေး သုတေသနနှင့် စက်မှုလယ်ယာသင်တန်းကျောင်း (ရေဆင်း)၌ ဝန်ကြီးဌာနအောက်ရှိ
ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် နေရာချထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments