နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများ ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏
ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေ၊ ဧရာဝတီတိုင်းဒေသကြီး
မအူပင်မြို့နယ်ရှိ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများသို့ သွားရောက်၍ ရေနံနှင့်
သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ခဲ့မှု အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်
စပါးကြီးစမ်း - နတ်စင်ကုန်း ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် လိုင်းဆိုက်စမစ်
(2D Seismic) တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ဒုတိယဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများနှင့်အတူ
အဖျောက်သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက အဖျောက်သဘာဝဓာတ်ငွေ့မြေ၏ သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်နိုင်ခဲ့သည့်
အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ တွင်းဟောင်းများ၏ ပါးလွှာသဲကြောများကို
ပြန်လည် လေ့လာတွက်ချက် သုတေသနပြုလုပ်၍ စမ်းသပ်ထုတ်လုပ်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်
ထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်က
နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အခြားသောရေနံနှင့်
သဘာဝဓာတ်ငွေ့မြေများတွင်လည်း ယခုကဲ့သို့ ရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်
တိုက်တွန်းလိုပါကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများကို
ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး
ဒုတိယဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရေနံမြေဝန်ထမ်းများအား
စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည်
အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ်
(၅၆) ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးသည်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်နှင့်
တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ
မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်
မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက မအူပင် (တောင်) ရေနံနှင့်
သဘာဝဓာတ်ငွေ့မြေ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်နိုင်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေသည့်
လုပ်ငန်းအခြေအနေများ၊ တွင်းသစ်တူးဖော်နိုင်ရေးစီမံ ဆောင်ရွက်ထားမှုများ၊ ရေနံနှင့်
သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်က
ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းသည် အရင်းအနှီးကြီးမားပြီး
စွန့်စားရမှုလည်း မြင့်မားပါကြောင်း၊ အနာဂတ် ကာလများတွင် MSME လုပ်ငန်းများ အပါအဝင်
ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် သဘာဝဓာတ်ငွေ့ လိုအပ်ချက်သည် မလွဲမသွေမြင့်တက်လာမည်ဖြစ်၍ တိုးမြင့်လာမည့်
သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ကြိုတင်မျှော်မှန်း၍ ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေး နှစ်အလိုက်
အကောင်အထည်ဖော်မည့် အစီအမံများပြုလုပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်တမ်းရင့် ရေနံနှင့်သဘာဝ
ဓာတ်ငွေ့မြေများရှိ တွင်းဟောင်းများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးတက် ထုတ်လုပ်နိုင်ရေး
ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တွင်းသစ်များတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များ
ရှာဖွေဖော်ထုတ်ခြင်းများကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားပြီး
ဒုတိယဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရေနံမြေဝန်ထမ်းများအတွက်
စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် မအူပင် (တောင်) ရေနံနှင့်
သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၀) နှင့် (၁၃) တို့ကို သွားရောက်၍ လေဆီ
(Condensate) နှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ စပါးကြီးစမ်း - နတ်စင်ကုန်းဒေသတွင်
ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic)
တိုင်းတာခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်က တိုင်းတာရရှိလာသည့်
ဆိုက်စမစ်အချက်အလက်များကို Processing၊ Interpretation လုပ်ငန်းများမြန်ဆန်စွာပြုလုပ်ရန်
နှင့် အလားအလာကောင်းသည့် နေရာများတွင် တွင်းသစ်များတူးဖော်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း
မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည်
စပါးကြီးစမ်း - နတ်စင်ကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်နိုင်ရေးအတွက်
လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာနေမှုအခြေအနေ၊ တိုင်းတာရရှိသော အချက်အလက်များကို
မှတ်တမ်းရယူနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်

No comments