ဆိုမာလီယာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ၁၇ ဦး သေဆုံး၊ လူပေါင်း ၈၄၀၀၀ ကျော် ရေဘေးသင့်
မေ ၁၄
ဆိုမာလီယာနိုင်ငံတစ်ဝန်းတွင်
ဧပြီလလယ်ပိုင်းမှစတင်ကာမိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားပြီးနောက် ရေလွှမ်းမိုးမှုများ
ဖြစ်ပွားခဲ့ရာ ၁၇ ဦးထက်မနည်းသေဆုံးပြီး လူပေါင်း ၈၄၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ကုလသမဂ္ဂ
ကယ်ဆယ်ရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။
အခြေခံအဆောက်အအုံပျက်စီးမှုနှင့်
ရေဘေးသင့်သူများအတွက် အရေးပေါ်အကူအညီများလိုအပ်ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး
အိုစီအိတ်ချ်အေက ပြောကြားသည်။
ဘာနာဒါဒေသတွင် မေ
၉ ရက်ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ကိုးဦးသေဆုံးပြီး
လူပေါင်း ၂၄၆၀၀ ထက်မနည်း ရေဘေးသင့်ခဲ့ကြောင်း၊ ခရိုင်အများအပြားရှိ အခြေခံအဆောက်အအုံများပျက်စီးပြီး
အမိုးအကာတဲများ မျောပါသွားကြောင်း ဖော်ပြထားသည်။
နိုင်ငံ၏ဒေသအများအပြားတွင်
ဧပြီလလယ်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုရေကြီးမှုများကို ကိုင်တွယ်ဖြေရှင်းရန် ဖက်ဒရယ်ဝန်ကြီးများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်
ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့သည်ဟု ကုလသမဂ္ဂအေဂျင်စီကဆိုသည်။
နိုင်ငံလူဦးရေ၏သုံးပုံနှစ်ပုံနီးပါးသည်
၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် စိုက်ပျိုးရေးကိုမှီခိုနေရသော ဆိုမာလီယာနိုင်ငံအနေဖြင့်
မိုးခေါင်မှုကြောင့် ရာသီဉတုခြောက်သွေ့မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့်
ရေလွှမ်းမိုးမှုတို့အပါအဝင် ရာသီဉတုဆိုးရွားမှုနှင့်ကြုံတွေ့နေရသည်။
ရေကြီးရေလျှံမှုများကြောင့်
နိုင်ငံ၏အချို့သောနေရာများတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ အခြေခံအဆောက်အအုံများပျက်စီးခဲ့ကြောင်း
ကုလသမဂ္ဂအေဂျင်စီက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments