မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှင့် မျက်မှောက်ကမ္ဘာ အခင်းအကျင်းသစ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်
ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး
အောင်ပွဲနှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့
(V-Day) သည် ရုရှားနိုင်ငံနှင့် ပြည်သူများ လွန်စွာတန်ဖိုးထားကြသည့် အရေးကြီးဆုံးသောနေ့ဖြစ်သည်။
ဒုတိယကမ္ဘာစစ်သည် လူ့သမိုင်းတွင်အကြီးမားဆုံးသော
စစ်ပွဲကြီးဖြစ်ပြီး စစ်အတွင်း ကမ္ဘာတစ်ဝန်းမှ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို
လူသန်းပေါင်းများစွာတို့ နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရသည်။ လူ့သမိုင်း၏ အဆိုးရွားဆုံးသော
စစ်ပွဲသည် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် နာဇီဂျာမနီက ပိုလန် ကို ကျူးကျော်သိမ်းပိုက်ရာမှ
စတင်ခဲ့ပြီး ၁၉၄၁ ခုနှစ် ဇွန်လ၂၂ ရက်တွင် နာဇီတို့၏ ကျူးကျော်စစ်က ဘာဘာရော့ဆာစစ်ဆင်ရေး
အမည်ဖြင့် ဆိုဗီယက်ပြည်ထောင်စုထဲသို့ ဝင်ရောက်လာသည်။ နာဇီဂျာမနီ၏ လွန်စွာလျင်မြန်လှသော
တိုက်စစ်အဟုန်ကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး၏ နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရသော်လည်း
၁၉၄၂ နှင့် ၁၉၄၃ ခုနှစ်အတွင်း စတာလင်ဂရက်တိုက်ပွဲများတွင် အပြင်းအထန် တိုက်ခိုက်မှုများနှင့်အတူ
စစ်ရေးအားဖြင့်လည်း အလှည့်အပြောင်းဖြစ်ခဲ့ပြီး နာဇီဂျာမနီတို့ ဆိုဗီယက်တပ်နီတော်ထံတွင်
လက်နက်ချအညံ့ခံခဲ့ကြရသည်။
ယင်းအလှည့်အပြောင်းသည် ဒုတိယကမ္ဘာစစ်၏
အလှည့်အပြောင်းပင်ဖြစ်ပြီး နာဇီဂျာမနီတို့ ရုရှားမှဆုတ်ခွာခဲ့ရကာ နိုင်ငံရင်း၏မြို့တော်အထိပြန်၍
ခံစစ်ဆင်ခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ဂျာမနီ၏လွှတ်တော် အဆောက်အအုံကို ဆိုဗီယက်တပ်ဖွဲ့က
သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဥရောပမြေပေါ်မှ ဒုတိယကမ္ဘာစစ်သည် ဇာတ်သိမ်းခန်းသို့ရောက်ခဲ့ပြီး
၁၉၄၅ ခုနှစ် မေလ ၈ ရက်တွင် နာဇီဂျာမနီတို့ လက်နက်ချအညံ့ခံသည့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး၏ အရေးပါလှသော အစိတ်အပိုင်းကြီးဖြစ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးသည်
ဒုတိယကမ္ဘာစစ်အတွင်း အသေအပျောက်၊ အကျအဆုံးအများဆုံးနှင့် စစ်နယ်ဝန်းအကျယ်ဆုံး ဖြစ်ခဲ့သည်။
နာဇီဂျာမနီတို့၏ တိုက်ခိုက်မှုကြောင့် အသက်ပေးခဲ့ကြရသည့် စစ်သည်များနှင့် အရပ်သားပြည်သူများ
စုစုပေါင်း ၂၇ သန်းခန့်အထိ ရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလ နာဇီနှင့် ဖက်ဆစ်ဝါဒီ
ဝင်ရိုးတန်းနိုင်ငံများကို မဟာမိတ်နိုင်ငံများက စုပေါင်း တိုက်ခိုက်ခဲ့ရာတွင် ဥရောပစစ်မြေပြင်နှင့်
အာရှပစိဖိတ်ဒေသ စစ်မြေပြင်တို့တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ရုရှားနှင့်
တရုတ်နိုင်ငံတို့နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝန်းမှ ပြည်သူများမှာ မှန်မှန်ကန်ကန် သိခွင့်မရခဲ့၊၊
နှစ်ပေါင်း ၈၀ ကျော်လွန်ပြီးနောက် ကမ္ဘာကြီး၏ အလှည့်အပြောင်းတွင် မှန်ကန်သည့် သမိုင်းအချက်အလက်များမှာ
ထင်ရှားစွာ ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ၁၉၄၁-၁၉၄၅
မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့
တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ စစ်ရေးပြတပ်ဖွဲ့ဝင်များသည်လည်း အခြားနိုင်ငံများမှ
စစ်ရေးပြတပ်ဖွဲ့ဝင်များနှင့်အတူ ပထမဦးဆုံးအကြိမ် ပါဝင်ချီတက်ခဲ့ကြသည်။ ကြီးကျယ်ခမ်းနားလှသည့်
စစ်ရေးပြအခမ်းအနားကြီး၏ ပုံရိပ်များက ပြောင်းလဲလာသည့် ကမ္ဘာ့အခင်းအကျင်းသစ်နှင့် လိုက်လျောညီထွေစွာ
ကြိုးပမ်း လိုက်ပါနေသည့် မိမိတို့နိုင်ငံကို ထင်ဟပ်နေခြင်းပင်ဖြစ်ပါကြောင်း။
မြန်မာ့အလင်း

No comments