မိုးဦးကျနှင့် မိုးရာသီကာလ သတိပြုရမည့် ကူးစက်ရောဂါ
မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့်
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ပြည်တွင်းဒေသအနှံ့အပြားတို့တွင်
မိုးရွာသွန်းမည့် အကြောင်းနှင့် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
မုတ်သုံလေ စတင်ဝင်ရောက်လာပြီး မိုးရွာသွန်းခြင်းကြောင့် အပူချိန်မြင့်မားမှုဒဏ်မှ သက်သာခွင့်ရသော်လည်း
ပူနွေးစိုစွတ်သည့် ရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေတို့က ရောဂါပိုးမွှားများ ပေါက်ပွားနိုင်ပြီး
ကူးစက်ရောဂါများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ခြင်၊ ယင်၊ မသန့်ရှင်းသော ပတ်ဝန်းကျင်တို့မှတစ်ဆင့်
ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို ဂရုပြုကာ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့်
ကြိုတင်ကာကွယ်ကြရန်လိုသည်။
မိုးဦးကျမှ စတင်ကာ မိုးရာသီတစ်လျှောက်အဖြစ်များသည့်
ကူးစက်ရောဂါများအနက် သွေးလွန် တုပ်ကွေးရောဂါကို ဦးစွာသတိပြုကြရမည်ဖြစ်သည်။ ရောဂါပိုးရှိသည့်
ခြင်ကျားကိုက်ခံရခြင်းဖြင့် ကူးစက်နိုင်သည့် သွေးလွန်တုပ်ကွေးသည် အသက် ၁၅ နှစ်အောက်တွင်
အဖြစ်များသော်လည်း အသက်အရွယ်၊ ကျား မ မရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်သည့် ရောဂါဖြစ်သည်။
ပုံမှန်ရာသီ အကူးအပြောင်းတွင် ဖြစ်လေ့ရှိသည့် တုပ်ကွေးအဖျားနှင့် ကွာခြားမှုမရှိဘဲ
ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်ပြီး စိုးရိမ်ရသည့် လက္ခဏာများတွေ့ရှိပါက ဆေးရုံ၊ ဆေးခန်းများသို့
အချိန်မီ ပို့ဆောင်ကုသနိုင်ရန်လိုသည်။ အချိန်မီကုသမှု မရရှိနိုင်လျှင် နောက်ဆက်တွဲဆိုးကျိုးများကြောင့်
အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါဖြစ်သည်။ သွေးလွန်တုပ်ကွေး ကူးစက်ခံရခြင်းသည် ခြင်ကျား
ကိုက်ခံရခြင်းကြောင့်ဖြစ်ရာ ခြင်ကိုက်မခံရအောင် ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊
ခြင်နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန် သက်ဆိုင်ရာက
တိုက်တွန်းနှိုးဆော်ထားသည်။
မိုးရာသီတွင် သတိထားကြရမည့် နောက်ထပ်ကူးစက်ရောဂါတစ်ခုမှာ
ဝမ်းပျက်ဝမ်းလျှော ရောဂါများပင်ဖြစ်သည်။ ရေမသန့်ခြင်း၊ အစားအစာမသန့်ခြင်း၊ လက်မသန့်ရှင်းခြင်း၊
ပတ်ဝန်းကျင် မသန့်ရှင်းခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်စေနိုင်သည်။
သန့် (၄) သန့် ဟူ၍ အဆိုရှိသည့် သန့်ရှင်းသောရေကိုသာ သောက်သုံးခြင်း၊ ယင်နားစာများကို
ရှောင်ကြဉ်၍ လတ်လတ် ဆတ်ဆတ်ပူပူနွေးနွေး သန့်ရှင်းသော အစားအစာကိုသာစားခြင်း၊ အစာမစားမီနှင့်
အိမ်သာ အထွက်တို့တွင် လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း၊ ပတ်ဝန်းကျင်၌
ခြင်၊ ယင်၊ ကြွက်တို့ မခိုအောင်းနိုင်စေရန် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ရန်
အသိပေးထားသည်။
မိုးရာသီတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့်
ကူးစက်သည့် ရာသီတုပ်ကွေးကိုလည်း ဂရုပြုကြရမည်ဖြစ်သည်။ လူထူထပ်သည့်နေရာ၊ လူစုလူဝေးနေရာများတွင်
ရောဂါရှိသူ တစ်ယောက်ယောက် နှာချေ၊ ချောင်းဆိုးခြင်းဖြင့် အနီးဝန်းကျင်မှ လူများကို
ကူးစက်စေနိုင်သည်။ သို့ဖြစ်ရာ Mask တပ်ဆင်ခြင်း၊ နှာချေချောင်းဆိုးပါက နှာခေါင်းနှင့်
ပါးစပ်ကို လုံအောင်အုပ်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာမကြာ ဆေးကြောခြင်း၊ လူထူထပ်သည့်
နေရာများကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ကြ ရမည်ဖြစ်သည်။
ရာသီအကူးအပြောင်းတွင် ပတ်ဝန်းကျင်အခြေအနေများ
ပြောင်းလဲသကဲ့သို့ မိမိတို့၏ ခန္ဓာကိုယ်တွင်လည်း ကိုယ်ခံစွမ်းအားတို့ ကျဆင်းသွားရာ
ပြင်ပရောဂါများ ဝင်ရောက်မလာစေရန် အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊
ဥတုသပ္ပါယ မျှတစွာဝတ်ဆင်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုခြင်းတို့ဖြင့် ကျန်းမာရေးနှင့်
ညီညွတ်စွာနေထိုင်ကာ မိုးရာသီ ကာလကို ပျော်ရွှင်စွာဖြတ်သန်းကြရပါမည့်အကြောင်း။
မြန်မာ့အလင်း

No comments