နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအင်အားလိုအပ်
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက ဆောင်ရွက်ဖွယ်ရှိသည်များကို အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည့်အပြင် နိုင်ငံတော်အကြီးအကဲကလည်း ပြည်ပနိုင်ငံများနှင့် တွေ့ဆုံမှုတိုင်းတွင် အသိပေးပြောကြားလျက်ရှိသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် တိုင်းသိ ပြည်သိကမ္ဘာသိ ဖြစ်သကဲ့သို့ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင် အသီးသီးတို့က အသိအမှတ်ပြု ထောက်ခံအားပေးမှုများကိုလည်း ရရှိနေသည်။
လက်ရှိမိမိတို့နိုင်ငံတွင် ကျင့်သုံးနေသည့်
ပါတီစုံဒီမိုကရေစီစနစ်သည် မြန်မာပြည်သူလူထု၏ လိုလားချက်နှင့်အညီ နိုင်ငံ၏တစ်ခုတည်းသော
အခိုင်အမာ အင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်က ကမကထပြု ဖော်ဆောင်ပေးမှုဖြင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး
ဒုတိယမြောက် လွှတ်တော်သက်တမ်းတွင် ဖြစ်ပေါ်ခဲ့ သည့် ရွေးကောက်ပွဲမသမာမှုကြောင့် တပ်မတော်က
နိုင်ငံ့တာဝန် ကို ယူခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်မူ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ
ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ဆက်လက်ဖော်ဆောင်လျက်ရှိရာ ယခုနှစ်ကုန်ပိုင်းနှင့်
လာမည့်နှစ်စပိုင်းတို့တွင် ကျင်းပသွားမည်ဟု အတိအကျသိရှိပြီးဖြစ်သည့် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပါတီများနှင့်
ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံရေးပါတီများဆိုသည်မှာ ဒီမိုကရေစီ
နိုင်ငံရေးစနစ်၏ မရှိမဖြစ်သော အစိတ်အပိုင်းများဖြစ်သည်။ ပြည်သူလူထုအတွင်းမှ ယုံကြည်ချက်၊
ရည်မှန်းချက်၊ အတွေးအမြင် တူညီသူများ အချင်းချင်းစုဖွဲ့ကာ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရေးအရာ၊ ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့်
ပြေလည်အောင်ဖြေရှင်းရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရာတွင် ပြည်သူလူထုကို
ပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရန် စသည်တို့အတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ကြခြင်းဖြစ်သည်။
ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိသော နိုင်ငံရေးပါတီက အစိုးရ တစ်ရပ်ကို ဖွဲ့စည်းနိုင်ပြီး
ရွေးကောက်ပွဲကာလတွင် ချပြခဲ့သည့် ကတိကဝတ်များ၊ မူဝါဒများနှင့်အညီ ပြည်သူလူထုအကျိုးဖြစ်ထွန်းအောင်
လက်တွေ့ ကျကျ အကောင်အထည်ဖော်ကြရခြင်းဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူဆိုသည်မှာ
အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံ၏ဥပဒေပြုရေးလုပ်ငန်းများကို
ဆောင်ရွက်နိုင်ရန်မှာ မိမိတို့ကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အလျောက် မိမိတို့ကိုယ်စား
လူထုကိုယ်စားလှယ်များကို ဆန္ဒမဲဖြင့် ရွေးချယ်ပေးကြရခြင်း ဖြစ်ရာ မဲပေးသည့် ပြည်သူတစ်ဦးတိုင်း၊
တစ်ယောက်တိုင်းက ဉာဏ်ပညာ ဆင်ခြင်တုံတရား ပြည့်ဝရန်၊ ဆန္ဒ၊ လောဘ၊ ဘယာ၊ မောဟ၊ အဂတိတို့
ကင်းကြရန်လိုသည်။ ပြည်သူအများစု ဉာဏ်ပညာ နိမ့်ကျခြင်း၊ စီးပွားရေးနိမ့်ကျခြင်း၊ ပါတီစွဲ
ပုဂ္ဂိုလ်စွဲ ကြီးခြင်းတို့က ဒီမိုကရေစီ၏ ရန်ဘက်များ ဖြစ်သည်ကိုလည်း နိုင်ငံရေးအတွေးအခေါ်
ပညာရှင်တို့က သတိပေးထားသည်။
လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည်
လွတ်လပ်၍ သန့်ရှင်းသော၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သကဲ့သို့ တည်ငြိမ်အေးချမ်းသော၊
တရားဥပဒေ စိုးမိုးသော မြို့၊ ရွာ ဒေသများဖြစ်ရန် လိုအပ်သည်နှင့်အညီ နိုင်ငံရေး ပါတီများအားလုံး၊
ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုအားဖြင့် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ကို
အခိုင်အမာ တည်ဆောက်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း

No comments