နေပြည်တော် မေ ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊
တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန မော်တော်ယာဉ်ရပ်နားကွင်းရှိ
ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား
ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့်
လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်
ပုံမှန်ရုံးတက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သဖြင့် ပုံမှန်ထက်နှစ်ဆနီးပါး
ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဌာန၏ နှစ်စဉ်စီမံကိန်းအရ လုပ်ငန်း တာဝန်များကို
စနစ်တကျနှင့် အမှားအယွင်းအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ
စနစ်တကျနေထိုင်ရေးအတွက် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးထားပါကြောင်း၊
ဝန်ထမ်းများနှင့် မိသားစုများအတွက် ဝန်ကြီးဌာန သက်သာ စားသောက်ဆိုင်ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ယာယီလူနေ အိမ်ရာများတွင် သန့်ရှင်းသပ်ရပ်စွာနှင့် စည်းကမ်းတကျ
နေထိုင်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး
နှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား နေထိုင်စားသောက်ရေး
အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ခြင်ထောင်၊ စောင်၊ မီးဖို ချောင်သုံးပစ္စည်းများ
(Kitchen Sets) နှင့် လူသုံး ကုန်ပစ္စည်းများအပါအဝင် စုစုပေါင်းပစ္စည်းကိုးမျိုးကို
ပေးအပ်ခဲ့ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ဝန်ကြီးဌာန၏ ယာယီလူနေအိမ်ရာများတွင် ဝန်ထမ်း များ နေထိုင်နေမှုအခြေအနေများ၊ ဝန်ထမ်းများအတွက်
ဆောင်ရွက်ထားရှိသည့် အများသုံးမီးဖိုဆောင် (Community Kitchen) များ၊ ထမင်းစားခန်း၊
ရေချိုးခန်း၊ သန့်စင်ခန်းများနှင့် သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments