နိုင်ငံတည်ဆောက်ရေးအတွက် အကျိုးရှိရှိ အသုံးချရမည့်စွမ်းအား
လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်အတွင်းရှိ
နိုင်ငံသားများဖြစ်ပြီး နိုင်ငံ တည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များလည်းဖြစ်သည်။
နိုင်ငံ၏ အနာဂတ်သည် လူငယ်များ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာမည်ဖြစ်ရာ
နိုင်ငံအနာဂတ် ကောင်းမွန်ရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် လူငယ်များ၏
စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်လိုသည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး
လုပ်ငန်းစဉ်များတွင် လူငယ်များက အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန်အတွက် ကာယ၊
ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့် ပြည့်စုံလာစေရန် နိုင်ငံတော်အစိုးရက
လူငယ်ကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအစီရင်ခံစာအရ
မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်ရာ ယင်းအခြေအနေသည်
အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်အင်အားများပြားခြင်း၊ သို့မဟုတ် လုပ်သားအင်အား များပြားခြင်းပင်ဖြစ်သည့်အလျောက်
လူငယ်များ စွမ်းရည်မြင့်မားရေးနှင့် နိုင်ငံ၏လုပ်သားအင်အားများကို ထိရောက်စွာအသုံးချနိုင်ရေးတို့ကို
အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူငယ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာ မူဝါဒကို
၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ယင်းမူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ပညာရေး၊ ကျန်းမာရေး၊
မူးယစ်ဆေးဝါးနှင့် အခြား ဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊
အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊
သိပ္ပံနှင့် နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတနှင့် သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ ကျား-မ ညီမျှမှု၊ လူ့အခွင့်အရေး၊
နိုင်ငံတကာဆက်ဆံရေးဟူသော ကဏ္ဍ ၁၆ ခုဖြင့် ဆောင်ရွက်ပေးခဲ့သည်။ လူငယ်ဘက်စုံ ဖွံ့ဖြိုး
တိုးတက်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည်
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်း ကော်မတီနှင့်
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာ ကော်မတီတို့ကို ဖွဲ့စည်းထားရှိပြီး
လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမို၍ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်တွင် ကျောင်းသားကျောင်းသူ
မျိုးဆက်သစ် လူငယ်မောင်မယ်များ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊
အားလပ်ရက်များ အကျိုး ရှိစွာ အသုံးချနိုင်ရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာ
ဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော
အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့်
တန်းမြင့် သင်တန်းများကို သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၀၀
တို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။ ထိုနည်းတူစွာပင် တပ်မတော် (လေ) က အခြေခံလေကြောင်း
လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို သင်တန်းစခန်း ၁၅ ခုတွင် သင်တန်းသား၊
သင်တန်းသူ စုစုပေါင်း ၈၀၄ ဦးတို့အား လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် နွေရာသီ
လူငယ်ကင်းထောက်သင်တန်းများနှင့် အခြားသောအသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းအမျိုးမျိုးတို့တွင်လည်း
လေ့ကျင့် သင်ကြားလျက်ရှိကြသည်။
သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ခဲ့ကြရသည့်
ပညာရပ်များ မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့်အပြင် တစ်ဦးနှင့်တစ်ဦး
ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ စည်းကမ်းလိုက်နာမှုကောင်းမွန်လာခြင်း၊
အမိန့်နာခံတတ်ခြင်း စသည့်အရည်အသွေးကောင်းများ ပိုင်ဆိုင်လာမည်ဖြစ်ရာ စွမ်းရည်မြင့်မားသော
လူငယ်များ၏ စွမ်းပကားကို နိုင်ငံတည်ဆောက်ရေးအတွက် အဟောသိကံ မဖြစ်ရလေအောင် အကျိုးရှိရှိ
အသုံးချသွားရပါမည့် အကြောင်း။
မြန်မာ့အလင်း

No comments