ဇလုတ်ကြီးကျေးရွာ နယ်မြေခံတပ်ရင်းသို့ လာရောက်တိုက်ခိုက်သည့် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း





နေပြည်တော် မေ ၁၁

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဇလုတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မေ ၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သဖြင့် လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တပ်မတော်မှ ဘာသာရေးကျောင်း၊ ဘုန်းတော်ကြီးကျောင်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် အရပ်သား ပြည်သူများ တိုက်ပွဲရှောင်နေရကြောင်း ပြည်ဖျက်မီဒီယာများ က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့် လျက်ရှိသည်ကို တွေ့ရှိရသည်။

 

ဖြစ်စဉ်အမှန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မေ ၆ ရက် ရက်စွဲဖြင့် ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ထားသည့် ကာလအတွင်း KNLA နှင့် PDF အမည်ခံအကြမ်းဖက် သမားများက မေ ၈ ရက် နံနက် ၅ နာရီခန့်မှစ၍ ဇလုတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်း ၁ ရင်းအား သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ မေ ၁၀ ရက်အထိ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများပြားသော်လည်း အင်အားထပ်မံ ဖြည့်တင်း၍ တိုက်ခိုက်လာခြင်း၊ မိမိအရာရှိ / စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိမှု များလာခြင်းတို့ကြောင့် တပ်ရင်းဌာနချုပ်အတွင်းမှ ခေတ္တဆုတ်ခွာပေးခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ တပ်ရင်းဌာနချုပ်အတွင်း စုပြုံဝင်ရောက်ချိန်၌ တန်ပြန်လေကြောင်းပစ်ကူ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် နည်းဗျူဟာမြောက်ပစ်ခတ်ခြင်းအား စစ်မြေပြင် ကွပ်ကဲရေးမှူးများမှ အချိန်ကိုက် စတင်ဆောင်ရွက်ခဲ့သည်။

 

တစ်ချိန်တည်းမှာပင် အဆိုပါအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နေရာသို့ တပ်မတော် စစ်ကူစစ်ကြောင်းများ မူလစီစဉ်ထားရှိသည့် စစ်ကူ/ပစ်ကူ စီမံချက်အတိုင်း ထပ်မံဖြည့်တင်း၍ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများ အကျအဆုံးများစွာဖြင့် မေ ၁၀ ရက် ညနေပိုင်းတွင် နယ်မြေခံတပ်၏ အရှေ့ဘက်သို့ ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများ ခေတ္တဝင်ရောက် နေရာယူထားသည့် နယ်မြေခံတပ်ရင်းအား တပ်မတော် စစ်ကြောင်းများက မေ ၁၁ ရက် နံနက်ပိုင်းတွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။ ဖြစ်စဉ်နေရာ အနီးဝန်းကျင်နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်း၌ သောင်းကျန်းသူများ အခြေပြု နေထိုင်နိုင်ခြင်း မရှိစေရေး တပ်မတော်စစ်ကြောင်းများက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။

 


ဖြစ်စဉ်တွင် မိမိတပ်မတော်မှ အရာရှိ/ စစ်သည်အချို့ ကျဆုံး/ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် သမားများထံမှလည်း အလောင်းခြောက်လောင်း၊ လက်နက်ငယ် မျိုးစုံ ၁၀ လက် ၊ ကျည်အိမ်များ၊ ခဲယမ်းနှင့် ဗုံးသီးများ သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ခေတ္တတိမ်းရှောင်နေသည့် စစ်သည်၊ ရဲမေများသည် တပ်မတော်စစ်ကြောင်းများနှင့် ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

သို့ဖြစ်၍ အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများ၏ လုပ်ကြံသတင်းအမှားများအပေါ် တိုင်းရင်းသားပြည်သူများ သတိပြုနိုင်ပါရန်နှင့် ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန် ကြေညာထားသည့် ကာလအတွင်း လက်နက်ကိုင်အဖွဲ့များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက် တိက်ခိုက်ခြင်းများ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူ တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments

Powered by Blogger.