နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ကြီးဌာနအောက်ရှိ ဌာနပိုင်မြေနေရာများ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများနေထိုင်မည့် Modular House များ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၁၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီက စီစဉ်ခွဲဝေပေးထားသည့် Modular House များကို ဝန်ကြီးဌာနအောက်ရှိ
မြန်မာ့မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေနေရာများ၌
ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများ နေထိုင်နိုင် ရန်အတွက် တည်ဆောက်နေမှု လုပ်ငန်းခွင်များသို့
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
တည်ဆောက်နေဆဲအခြေအနေ ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ
တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ဘူတာကြီးနယ်မြေမြောက်ဘက်
စက်မှုနှင့်လျှပ်စစ်ဝန်ထမ်းအိမ်ရာများအနီး၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်အတွက်
တည်ဆောက်ပေးနေသည့် Modular House စခန်း အမှတ် (၁) သို့ ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက
မြေနေရာ အကျယ်အဝန်း၊ တည်ဆောက်နေရာချထားမှု အကွက်ချပုံစံ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီက ခွဲဝေပေးထားသည့် Modular House အရေအတွက်၊ ယနေ့အထိ လွှဲပြောင်း
ထုတ်ယူရရှိပြီးသည့် ပမာဏ၊ Modular House များ တည်ဆောက်နိုင်ရေး အင်ဂျင်နီယာအဖွဲ့များ
ဖွဲ့စည်းတာဝန်ပေးအပ်ထားမှု အခြေအနေ၊ တည်ဆောက်ပြီးစီးမှု၊ တည်ဆောက်နေဆဲ အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ဘေးအန္တရာယ် မဖြစ်စေရေးမှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်လျက်ရှိသည့်
Modular House များနှင့် အဝီစိတွင်း တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းများ
နေရာချထားမှု စနစ်တကျဖြစ်စေရေး၊ ရေ၊ မီး၊ မိလ္လာ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ လူနှင့်ယာဉ်များ
ဝင်လမ်း၊ ထွက်လမ်း အဆင်ပြေစေရေး၊ တည်ဆောက်ရေး ဝန်ထမ်းအဖွဲ့များ ဘေးအန္တရာယ် ထိခိုက်မှု
မဖြစ်စေရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော် ဘူတာကြီးနယ်မြေ
တောင်ဘက်မြေနေရာ၌ သတ်မှတ်ထားသည့် Modular House စခန်းအမှတ် (၂)သို့ ရောက်ရှိလာရာ မြန်မာ့မီးရထား
ဦးဆောင်ညွှန်ကြားရေးမှူးက အဆိုပါနေရာတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းမိသားစုများသာမက
ဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် အခြားဌာန ဝန်ထမ်းမိသားစုများကိုပါ နေရာချထားပေးနိုင်ရန်
စီစဉ်အကွက်ချထားမှုအခြေအနေ၊ မီး၊ ရေ ရရှိရေး ဆောင်ရွက်ထားမှု အခြေအနေနှင့် လွှဲပြောင်းထုတ်ယူရရှိသည့်
Modular House များ အား တပ်ဆင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ဤစခန်းနေရာ၌ မြေအနေအထား
အရ ရေစီးရေလာကောင်းမွန်စေရေး ကြိုတင်ဆောင်ရွက်ရန် ကိစ္စ၊ ဝင်လမ်း၊ ထွက်လမ်းများ ကောင်းမွန်ရေးကိစ္စ၊
ခြံစည်းရိုးကာရန်ရေး စသည့်လိုအပ်ချက်များကို မှာကြားသည်။
အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေးစီစဉ်
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရွာတော်)
ရုံးနယ်မြေအတွင်းရှိ Modular House စခန်းနေရာသို့ ရောက်ရှိရာ ဌာနတည်ဆောက်ရေး တာဝန်ခံက
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက
Modular House များတပ်ဆင် တည်ဆောက်နေမှု၊ အသုံးပြုမည့် ကျောက်ရေစည်များ စီစဉ်ထားမှု၊
သန့်စင်ခန်းများ နေရာချထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ရေ၊ မီး ရရှိရေးနှင့်
ဝန်ထမ်းမိသားစုများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် မှာကြားသည်။
လက်ရှိတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
ဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက နေပြည်တော်
ကောင်စီနယ်မြေအတွက် စီစဉ်ခွဲဝေပေးသည့် Modular Office ခြောက်လုံးနှင့် Modular
House ၁၅၆ လုံးတို့ကို လက်ခံရရှိထားပြီးဖြစ်ရာ Modular Office လေးလုံး နှင့်
Modular House ၃၄ လုံး တို့ကို တပ်ဆင်တည်ဆောက်ပြီးစီး၍ ကျန်ရှိသည်များကိုလည်း အမြန်ဆုံးပြီးစီးအောင်
တပ်ဆင်တည်ဆောက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments