ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖွဲ့စည်းပုံအရ (Urban Health Center-UHC) ဒေသန္တရ ကျန်းမာရေးဌာနများကို မြို့ပေါ်၌ ဖွင့်လှစ်ထားရှိ
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်မည်
နေပြည်တော် မေ ၁၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training
Center ၌ ကျင်းပသော (Urban Health Center-UHC) ဒေသန္တရ ကျန်းမာရေးဌာနများတွင် ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့
တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ဖွဲ့စည်းပုံအရ (Urban Health Center-UHC)ဒေသန္တရကျန်းမာရေးဌာနများကိုမြို့ပေါ်၌ ဖွင့်လှစ်ထားရှိရာ
ပြည်သူအားလုံး အကျုံးဝင်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို အားဖြည့်နိုင်ရန်အတွက်
ယခုအခါ အဆိုပါ UHC များတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးမြှင့်
ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရာတွင်
ရေရှည်အတွက် ရည်ရွယ်၍ ကနဦးဦးစားပေး မြို့နယ်အချို့တွင် အကောင်အထည်ဖော်ကာ တိုးချဲ့ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊
ဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းထားရှိမှုအပေါ် ပြည်သူများ ရရှိခံစားနိုင်ရေးနှင့်
မလိုလားအပ်သော ဆုံးရှုံးမှုများမရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ကြစေလိုပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်း
လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဆေးထိုးသင့်သည့် အသက်အရွယ်အားလုံးပါဝင်နိုင်ရေးအတွက်
ဆောင်ရွက် ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာသီတာလှတို့က ဒေသန္တရကျန်းမာရေးဌာနများ လုပ်ငန်းတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက်
လိုအပ်သည်များ မှာကြားကြပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက
စတင်ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေး ဌာန ၁၂ ခုတို့၏ အခြေအနေနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့်
ဒေသန္တာရကျန်းမာရေးဌာနများ ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနမှူးများက ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ
ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များအပေါ် ဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့
မွန်းလွဲပိုင်းကလည်း ဆေးတက္ကသိုလ် (၁) ရန်ကုန် ဧည့်ခန်းမ၌ အိန္ဒိယ - မြန်မာကုန်သည်များအသင်း
(India-Myanmar Chamber of Commerce-IMCC) က ငလျင်ဘေးသင့်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက်
လှူဒါန်းသော ငွေကျပ်သိန်း ၃၄၀ တန်ဖိုးရှိ ဆေးဝါးများနှင့် ငွေသားကျပ်သိန်း ၂၀၀ တို့ကို
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ Second နှင့် အိန္ဒိယ-မြန်မာကုန်သည်များအသင်းဥက္ကဋ္ဌ
Mr. Narish Kumur တို့က လှူဒါန်းမှုကိုလည်းကောင်း၊ Aorta Co.Ltd က လှူဒါန်းသည့် ငွေကျပ်
၂၂၂ သိန်း ခြောက်သောင်း တန်ဖိုးရှိ ဆေးဝါး ၁၀ မျိုးနှင့် ငွေသား သိန်း ၁၅၀တို့ကိုလည်းကောင်းလက်ခံပြီး
ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ဗဟိုဆေးသိုလှောင်ရေးဌာန ရန်ကုန်သို့ သွားရောက်၍ မန္တလေးမြေငလျင်ကြီး ပြန်လည်ထူထောင်ရေးအတွက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယွမ် ၃၂ သန်းခန့်တန်ဖိုးရှိMobile
Operation Room ၉၅ လုံးကို ယာယီလက်ခံသိမ်းဆည်းထားသည့် အခြေအနေနှင့် နမူနာတပ်ဆင်ထားသည့်
ခွဲစိတ်ခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေရှိသည့်
ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဆေးရုံများသို့ အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်နိုင်ရေးနှင့်
ရောက်ရှိပါက စနစ်တကျထိန်းသိမ်းထားရှိရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments