ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲ အီဂျစ်ကလပ် အယ်အာလီနှင့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီတို့ သရေကျ



ဖီဖာကလပ် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် အုပ်စု (က) မှ အီဂျစ်ကလပ်အယ်အာလီနှင့် မေဂျာလိဂ်  ကလပ် အင်တာမိုင်ယာမီအသင်းတို့ပွဲစဉ်ကို  ဇွန် ၁၅ ရက် နံနက်  ၆ နာရီခွဲက အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ    ဟတ်ရော့ခ်အားကစားကွင်း၌   ယှဉ်ပြိုင်ကစားခဲ့ရာ    ဂိုးမရှိ သရေရလဒ်ဖြင့်   အဆုံးသတ်ခဲ့သည်။

အင်တာမိုင်ယာမီအသင်းသည်  ဆွာရက်ဇ်၊ မက်ဆီ၊ ဘတ်စ်ကွက်ဇ် စသည့် အဓိကကစားသမား အများစုဖြင့်  အယ်အာလီအသင်းကို   ရင်ဆိုင်လာခဲ့သည်။   ပြိုင်ဘက်အယ်အာလီအသင်းကလည်း အားထားရသည့် ကစားသမား  အစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။

နှစ်သင်းကြား ခြေစွမ်းကွာဟမှုမရှိဘဲ အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်မှုများဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ် ရှိခဲ့သည်။ အယ်အာလီအသင်းသည် ပွဲကစားချိန် ၄၃ မိနစ်တွင် ပယ်နယ်တီကန်သွင်းခွင့်    ရရှိခဲ့သော်လည်း   တောင်ပံတိုက်စစ်ကစားသမား  ထရေဇီဂွက်၏ ကန်သွင်းယူမှု    လွဲချော်ခဲ့သည့် အတွက်နစ်နာခဲ့ရသည်။ ထို့နောက် နှစ်သင်းစလုံး လူစားပြောင်းလဲမှု များပြုလုပ်ကာ   သွင်းဂိုးရရှိရေး ကြိုးပမ်းလာသော်လည်း    ပွဲချိန်ပြည့်သည်အထိ   တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက်  ဂိုးမရှိ  သရေကျခဲ့ခြင်းဖြစ်သည်။

အယ်အာလီအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဇွန် ၁၉ ရက်တွင် ဘရာဇီးကလပ် ပါးမီးယပ်စ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ဘက် အင်တာမိုင်ယာမီအသင်းက ပေါ်တူဂီကလပ် ပေါ်တိုအသင်းနှင့်  ဇွန် ၂၀ ရက်တွင်  ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အယ်အာလီနှင့် အင်တာမိုင်ယာမီအသင်းတို့သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(က)တွင် ပါးမီးယပ်စ်၊   ပေါ်တိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။                                                       

အောင်ဇော်

No comments

Powered by Blogger.