မြိတ်မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက ၄၁၂၆၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိ

 



မြိတ် ဇွန် ၁၉

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက ၄၁၂၆၀ ကို စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြိတ်မြို့နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် မိုးစပါးဧက ၄၁၂၆၀ ကို လျာထားချက် ပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးမှုကို ဇူလိုင်လမှစတင်၍ စက်တင်ဘာ လအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် မိုးစပါးများကို တောင်သူများ အခက်အခဲမရှိ စနစ်တကျ စိုက်ပျိုးနိုင်ရန် နည်းပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ယခု မိုးစပါးဧက ၄၁၂၆၀ ကို စိုက်ပျိုးနိုင်ဖို့ လျာထားဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးခြင်း၊ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ သဘာဝ မြေဩဇာကိုရောနှောပြီး အချိန်မီအချိုးကိုက်သုံးစွဲပါက ပန်းတိုင်အထွက်နှုန်း ရရှိမှာပါ ဟု မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောကြားသည်။

 

ပန်းတိုင်အထွက်နှုန်းရရှိရန် မျိုးစပါးတင်း ၇၅၀ အခမဲ့ပေးအပ်ခဲ့ပြီး မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းမှ(ပထမ) အကြိမ်ခွဲတမ်းရရှိသော ယူရီးယား ဓာတ်မြေဩဇာ ၃၄ တန်ကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးခဲ့ပြီးဖြစ်သည်။

 

မြိတ်မြို့နယ်အတွင်းတွင် (GW-11)၊ ဆင်းသုခ၊ မနောသုခ၊ ဆင်းသွယ်လတ်၊ ပေါ်ဆန်း၊ ဧရာမင်း နှင့် တခြားဒေသမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိပြီး ယခင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ အချိန်က မိုးစပါးဧက ၄၁၂၆၀ စိုက်ပျိုးနိုင်ခဲ့ရာ စပါး အထွက်နှုန်းအနေဖြင့် တစ်ဧက ၇၃ ဒသမ ၇၄ တင်း၊ အထွက်တင်းစုစုပေါင်းမှာ ၃၀၅၀၁၈၆ တင်းထွက်ရှိခဲ့ကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြင့်ဦး(မြိတ်)

No comments

Powered by Blogger.