မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲ ကျင်းပ

 



ရန်ကုန် ဇွန် ၁၈

 

တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားပြုစုရေး အတွက်ပျူခေတ်ဆိုင်ရာအထောက် အထား အချက်အလက်များ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ အမျိုးသားပြတိုက် ဘက်စုံခန်းမ၌ကျင်းပရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ တက္ကသိုလ် များမှ ပါမောက္ခများ၊ ပျူခေတ် သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် လေ့လာသူ ပြင်ပပညာရှင်များတက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သော နှစ် (၅၀) ကျော်က ရေးသားထားသည့် “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း" သာရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြု အသစ်တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် ပျူခေတ်ကာလ သမိုင်းစဉ်သည်လည်း ပိုမို၍ ရုပ်လုံးပေါ်ပြည့်စုံလာပြီဟုယူဆရပြီး တစ်ဆက် တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည် ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့် ရလဒ်ကို မျှော်မှန်းနိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပျူအက္ခရာ၊ ပျူစာပေ၊ ပျူအသံထွက်၊ ပျူအနုပညာ၊ ပျူဂီတ၊ ပျူအကနှင့် ဝတ်စားဆင်ယင်မှု အထောက်အထားများနှင့် ပတ် သက်၍ ပညာရှင်များ ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်သည်။

 

ထို့နောက် တက်ရောက်လာ သူများကသရေခေတ္တရာမြို့ဟောင်း မှ တူးဖော်တွေ့ရှိသည့် ဟိန္ဒူဘာသာ အထောက်အထားများ လက္ခဏာများ၊ အနုသုခုမဆိုင်ရာ သုတေသန တွေ့ရှိချက်များနှင့် ပျူခေတ်ဂီတအနုပညာဆိုင်ရာ အထောက်အထားများ၊ ပျူခေတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု သုတေသန ပြုတွေ့ရှိချက်များ၊ ပျူအက္ခရာ၊ ပျူအသံထွက်၊ ပျူစာပေဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များ၊ ပျူခေတ်ရေအသုံးချမှု၊ ရေစီမံခန့်ခွဲမှု၊ မြို့ရိုးမြို့တာ ကာကွယ်ရေးစနစ်များ သုတေသနပြုတွေ့ရှိချက်များ၊ သံခေတ်နှင့် ပျူခေတ် DNA သုတေသန ဆောင်ရွက်နေမှုနှင့် ကာဗွန် သက်တမ်းသုတေသနဆောင်ရွက် မှုများကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက် များအပေါ်သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.