မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၂၃
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်
All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းများ ပေးအပ်ပွဲကို
ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌
ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ China
Foundation For Peace and Development (CFPD) မှ တာဝန်ရှိသူများ၊ မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်
ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
နေပြည်တော်ကောင်စီနှင့် ရှမ်းပြည်နယ်တို့တွင် ငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို
နိုင်ငံတော်နှင့် နိုင်ငံတကာအကူအညီများဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ငလျင်ဘေးသင့်ဒေသများ
အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မိုးကာတဲများ၊ ယာယီအိမ်များ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊
ဆေးနှင့်ဆေးပစ္စည်းများ၊ ဒီဇယ်ဆီများ၊ မိုဘိုင်းခွဲစိတ်ခန်းများကို အချိန်နှင့်တစ်ပြေးညီ
ပံ့ပိုးပေးခဲ့သည့်အပြင် အဆောက်အအုံများအကြား ပိတ်မိနေသူများအား ရှာဖွေ/ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ အကူအညီများကို အလျင်အမြန်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
တရုတ်နိုင်ငံမှ Emergency Medical
Team (EMT) အဖွဲ့ဝင် ၉၂ ဦးသည်လည်း နေပြည်တော်၊ မန္တလေးတို့တွင် ဆေးကုသရေး၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊
ရေအရည်အသွေး စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသမီးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့်
တွေ့ကြုံရသည့်စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ
အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမိတ်ဖက် အဖွဲ့အစည်းများအားလုံး
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာကျပ်ငွေ ၁၈၀၀၀၀၀၀၀ ခန့် တန်ဖိုးရှိ
လူသုံးကုန်ပစ္စည်းများကို လှူဒါန်းသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်
All China Women’s Federation (ACWF)၊ ကူညီပံ့ပိုးပေးသည့် China Foundation For
Peace and Development (CFPD) နှင့် လာရောက်လှူဒါန်းပေးပါသော မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း
(Myanmar - Chinese Cooperation and Communication Center) တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်
ဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားသည်။
ထို့နောက် China Foundation For
Peace and Development မြန်မာနိုင်ငံရုံး ကိုယ်စားလှယ် Mr. Wang Lei က လှူဒါန်းမှုနှင့်ပတ်သက်၍လည်းကောင်း၊
မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံရေးအသင်း မှ Senior President ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးသစ္စာ (ခ) Mr. Li BoBo က အသင်း၏ လုပ်ဆောင်မှုများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments