တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငလျင် ဒဏ်သင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၌ ကွင်းဆင်းဆောင်ရွက် မကြာမီကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စေရေး ပြည်သူလူထုအားနှင့် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြမည်
မန္တလေး ဇူလိုင် ၂၆
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂)
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းတို့ ဦးဆောင်သည့် လုပ်ငန်းကော်မတီအဖွဲ့သည် ယနေ့တွင် ငလျင်ဒဏ်သင့်
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၌ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ် ခြင်း၊
ကွင်းဆင်းကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်သည်။
နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌
တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က အမျိုးသားသဘာဝဘေးအန္တရာယ်
စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ရပ်ဖြစ်ပြီး ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရအဖွဲ့များအပြင်
လုပ်ငန်းရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် နိုင်ငံတကာတို့၏ လုပ်ငန်းဆောင်ရွက်မှုများ
ပိုမိုထိရောက် အောင်မြင်စေရန်နှင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစည်း၍ ဆောင်ရွက်
ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဦးစားပေးအဆင့်လိုက် လုပ်ငန်းစဉ်လျာထားပြီး
ကာလတို၊ ကာလလတ်နှင့် ကာလရှည် ခွဲခြား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက
နိုင်ငံတော် မီဒီယာအနေဖြင့် အမျိုးသား သဘာဝဘေး
စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းစဉ်များအတိုင်း သတင်းအချက်အလက်များ စဉ်ဆက် မပြတ် ထုတ်ပြန်ပေးခြင်း၊
အသိပညာမျှဝေပေးခြင်းတို့အပြင် အနုပညာရှင်များ၏ စွမ်းအားနှင့် ပေါင်းစပ်၍ ဘေးသင့်ဒေသများအထိ
သွားရောက်ပြီး စာနာမှု၊ အားပေးမှုနှင့် စိတ်ခွန်အား မြှင့်တင်မှု တို့ဖြင့် ဖျော်ဖြေရေး
လုပ်ငန်းများလည်း ဆောင်ရွက်ပေးနေပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊
ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့်
စည်ပင်သာယာရေးဝန်ကြီးတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအေးထွန်းက ငလျင်ဒဏ်သင့် ဘုရား၊ စေတီနှင့် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့်
ပြန်လည်တည်ဆောက်မည့် အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ငလျင်ဘေးသင့်ဒေသများတွင် အိမ်ထောင်စုစာရင်း၊ နိုင်ငံသား
စိစစ်ရေးကတ် နှင့် UID ကတ်များ ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ လုပ်ငန်း ကော်မတီ
အတွင်းရေးမှူးနှင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက
လုပ်ငန်းခွဲများအလိုက် ဆောင်ရွက်မှုနှင့်
ဆက်လက်တင်ပြဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က
အနယ်နယ် အရပ်ရပ်မှ ကျွမ်းကျင်လုပ်သားများဖြင့် လုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်နိုင်ရေး၊
ဦးစားပေးဆောင်ရွက်ရမည့် ကျေးရွာများ၌ လုပ်ငန်း များဆောင်ရွက်ရာတွင် လူငယ်များ ပါဝင်လုပ်ဆောင်နိုင်ရေး၊
နိုင်ငံတကာ အကူအညီများ ရရှိအသုံးပြုနိုင်ရေး၊ ကြက်ခြေနီအသင်း ပါဝင်ဆောင်ရွက်နိုင်ရေး၊
နယ်လှည့်ဖျော်ဖြေရေး၊ စံချိန်စံညွှန်းနှင့် အညီ ဆောက်လုပ်ရန် ပညာပေးရေးတို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက
အကြောင်းအရာနှင့် ရလဒ်ဦးစားပေး သတင်းများ ထုတ်ပြန်နိုင်ရေး၊ လူငယ်များ နေရာပေးနိုင်ရေးနှင့်
နယ်လှည့်ဖျော်ဖြေရေး ကိစ္စများကို
ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းကော်မတီအဖွဲ့သည် မန္တလေးမြို့
မဟာအောင်မြေ မြို့နယ်ရှိ ဆင်ကျုံးယာယီဝန်ထမ်း
အိမ်ရာသို့ ရောက်ရှိပြီး ဝန်ထမ်း ၁၅၀ အတွက်
Container House ၁၅၀ နှင့် အုပ်ချုပ်မှုကိစ္စရပ်များ စီမံဆောင်ရွက်ပေးထားမှုကိုလည်းကောင်း၊
ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနှင့် လမ်း ၁၁၀ ထောင့်ရှိ မန္တလေး KBZ Center သို့ ရောက်ရှိပြီး
ပြည်သူများ အခမဲ့ဆေးကုသနိုင်ရန် အုပ်ချုပ်မှုကိစ္စရပ်များ စီမံ ဆောင်ရွက်ပေးထားမှု၊
ရေရှည်ကူညီထောက်ပံ့နိုင်ရန် ချေးငွေစီစဉ် ပေးထားမှု၊ ပြန်လည် တည်ဆောက်ရေးအတွက် အဆင့်မီသံချောင်းများ
သင့်တင့်သောစျေးနှုန်းနှင့် ရောင်းချပေးရန် စီစဉ်ထားရှိမှု၊ သံချည်သံကွေး ဆောက်လုပ်ရေးဆိုင်ရာ
ပညာမျှဝေပေးမှု၊ အရေးပေါ်အသက်ကယ် လှေများ အသင့်စုဖွဲ့ထားရှိမှုတို့ကိုလည်းကောင်း၊ အမရပူရမြို့နယ်ရှိ
ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ရက်ကန်းလုပ်ငန်းနှင့်
ပန်းပုလုပ်ငန်း လုပ်ကိုင်နေကြသော ပြည်သူများ၏ လိုအပ်ချက်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး
နည်းလမ်း ဖော်ထုတ်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ကိုလည်းကောင်း
ဆွေးနွေးပြောကြားခဲ့ပြီး နေရာတစ်ခုစီအတွက် MRTV DTH အစုံ ၁၀ စုံစီနှင့် MRTV DVB
T-2 Set Top Boxအစုံ ၂၀ စီ ဖြင့်
စုစုပေါင်း DTH အစုံ ၃၀ နှင့် Set Top Box အစုံ ၆၀ တို့ကို ပေးအပ် ခဲ့သည်။
မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ရုံး၌
တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံတော် အစိုးရအဖွဲ့အစည်းအဆင့်ဆင့်နှင့်
လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ
မျဉ်းပြိုင်သဖွယ်ဆောင်ရွက်မှုပုံစံမှ ပေါင်းစည်း၍ ပိုမိုထိရောက်ပြီး အကျိုးကျေးဇူးရှိနိုင်ရန်နှင့်
ဝိုင်းဝန်းဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့၏ အထင်ကရ ငွေထည်လုပ်ငန်းများ
ပြန်လည်ကောင်းမွန် စေရေး ဖြည့်ဆည်းမှုများ ပြုလုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းမြို့
တည်ငြိမ်အေးချမ်းလာမှုနှင့်အတူ ဆက်လက်၍ တိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံတော်နှင့်ပြည်သူလက်တွဲပေါင်းစပ်၍
ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက
နိုင်ငံတော်မီဒီယာအနေဖြင့် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးအတွက်
ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မကြာမီကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စေရေး
ပြည်သူလူထုအားနှင့် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့်
လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး
ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က
နယ်မြေဒေသအလိုက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ကို
ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က
လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရန်
ဆွေးနွေးပြောကြားကာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့အတွက် MRTV DTH အစုံ ၅၀ နှင့် MRTV DVB T-2 Set Top Box အစုံ ၁၅၀ အား လွှဲပြောင်းပေးအပ်သည်။
အဆိုပါ လုပ်ငန်းကော်မတီအဖွဲ့သည် စစ်ကိုင်းမြို့
မဟာစည်းခုံကြီး ဘုရားဝင်းအတွင်းရှိ ယာယီဝန်ထမ်း အိမ်ရာသို့ သွားရောက်ပြီး ဝန်ထမ်း မိသားစု ၃၆ စုအတွက် Container
House များနှင့် အုပ်ချုပ်မှုကိစ္စ ရပ်များ စီမံဆောင်ရွက်ပေးထားမှုကိုကြည့်ရှု၍ ဝန်ထမ်းမိသားစုများအား
ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ထမ်းမိသားစုများအတွက်
MRTV DTH အစုံ ၁၀ စုံနှင့် MRTV DVB T-2 Set Top Box အစုံ ၂၀ တို့ကိုပေးအပ်သည်။
ထို့နောက် စစ်ကိုင်းမြို့ ရွာထောင်
မီးရထားဒီဇယ်စက်ခေါင်းဝင်းအနီးရှိ မြေ ၆ ဧကခန့်တွင် Container House များဖြင့် ထပ်မံနေရာ
ချထားနိုင်ရေးကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး Commercial Area ရှိ Ocean
Super Center, Shops Houses နှင့် လမ်းလျှောက် စျေးတို့သို့ သွားရောက်ပြီး ပြည်သူများ
စျေးဝယ်/အပန်းဖြေမှုများဖြင့် စည်ကားနေမှုကို လိုက်လံ ကြည့်ရှုပြီး စျေးရောင်းသူနှင့်
စျေးဝယ်သူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ မင်္ဂလာမန္တလေးဧရိယာရှိ အဆောက်အအုံများမှာ
မြေငလျင်ဒဏ် ထိခိုက်မှုများရှိခဲ့သော်လည်း စံချိန်စံညွှန်းနှင့်အညီ အမြန်ပြန်လည် ပြုပြင်ပြီး
သက်ဆိုင်ရာ၏ စစ်ဆေးမှုများရယူကာ ဇွန် ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ယခုအခါ
မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး ရောင်း/ဝယ် လည်ပတ်မှု၊ အပန်းဖြေအနားယူမှုများဖြင့်
ပြန်လည်စည်ကားလာခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments