ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၂၄ ရက်က လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ
အောင်နိုင်တိုးစပါးစိုက်ပျိုးပွဲသို့ တက်ရောက် အားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍
မျိုးကောင်းမျိုးသန့်များသုံးစွဲသည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန်နှင့် လိုအပ်သည့်
စိုက်ပျိုးရေးနည်းပညာများအား သက်ဆိုင်ရာဦးစီးဌာနနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန်
အကြံပြုဆွေးနွေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
အလယ်ကုန်းရိပ်သာအစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ခရိုင်တာဝန်ခံများနှင့်တွေ့ဆုံ၍
ယခုနှစ်မိုးရာသီကာလဆည်တမံများတွင် ရေပိုမိုသိုလှောင်နိုင်သည့် အတွက် ရေကိုအကျိုးရှိစွာသုံးစွဲနိုင်ရေး၊
စိုက်ပျိုးထားသည့် မိုးစပါးနှင့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရေဘေးကာကွယ်ရေးတာနှင့်
တမံများ၏ ဘေးကင်းလုံခြုံစိတ်ချမှု ဆိုင်ရာကိစ္စရပ်များ၊ ပူပြင်းခြောက်သွေ့နွေကာလတွင်
စိုက်ပျိုးရေပိုမိုပေးဝေနိုင်ရေး ဆိုင်ရာကိစ္စရပ် များ၊ သာယာဝတီခရိုင်အတွင်းရှိ စိုက်ပျိုးရေပေးဝေလျက်ရှိသည့်
ဆည်ရေသောက်စနစ်အတွင်း ရေသောက်ဧရိယာအလိုက် စိုက်ပျိုးသည့် သီးနှံစိုက်စွမ်းအား ပိုမိုတိုးတက်ရရှိအောင်
စည်းရုံးကြိုးပမ်း ဆောင်ရွက်ကြရန် စသည့်စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ
ဆွေးနွေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၇၇)စက်မှုလယ်ယာစခန်း
တိုက်ကြီးမြို့သို့ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ
ဒုတိယဝန်ကြီးက တိုက်ကြီးမြို့နယ်အတွင်း သီးထပ်စွမ်းအားမြင့်မားရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်
လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုတိုးတက်သုံးစွဲလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်
ဖြစ်ကြောင်း၊ ဌာနပိုင်လယ်ယာသုံးစက်ကိရိယာများကို အမြဲတမ်းကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းနေရန်လိုကြောင်း၊
တောင်သူပိုင်လယ်ယာ သုံးစက်ကိရိယာများအား စနစ်တကျပြုပြင်ပေးနိုင်ရေးနှင့် လိုအပ်သော
စက်အရန်ပစ္စည်းများကို အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက် ပေးသွားကြရန်
အကြံပြုဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ
စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဗဟိုဌာနခွဲ အပင်ဇီဝနည်းပညာဗဟိုဌာနသို့
ရောက်ရှိပြီး ဇီဝနည်းပညာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments