ဒေသနှင့်ကိုက်ညီပြီး လက်တွေ့ကျသည့် မွေးမြူရေးဆိုင်ရာသုတေသန အကောင်အထည်ဖော်
နေပြည်တော် ဇူလိုင် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုရှိ မွေးမြူရေးသုတေသနဦးစီးဌာန
မွေးမြူရေး သုတေသနစခန်း(ဆီဆိုင်)၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဒေသနှင့်ကိုက်ညီပြီး လက်တွေ့ကျသည့်
မွေးမြူရေးဆိုင်ရာသုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ရရှိထားသည့် သုတေသနရလဒ်
များနှင့် လက်တွေ့အသုံးချနည်းပညာများကို ဒေသတွင်းမွေးမြူရေးတောင်သူများအား ဖြန့်ဝေ
အကျိုးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဘန်းယဉ်မျိုးသန့်ခြံ၏ အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်
ဧက ၂၀၀ စိုက်ခင်းကို ကြည့်ရှုအားပေးကာ ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီပြီးမျိုးများ စနစ်တကျထုတ်လုပ်ဖြန့်ဖြူးရေးနှင့်
ခေတ်မီစိုက်စနစ်များကို နည်းပညာပေးခြင်း၊ လက်တွေ့စိုက်ပျိုးပြသ သရုပ်ပြခြင်းများဆောင်ရွက်ရန်
တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ဘန်းယဉ်ကန်ရေဝင်ရောက်မှု၊
ရေပေးဝေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေချိုသယံဇာတများ အလေအလွင့်မရှိစေရန်နှင့်
ပြောင်းလဲသက်ရောက်လျက်ရှိသော ရာသီဥတု အခြေအနေကြောင့် သိုလှောင်ရေများဆုံးရှုံးမှုမရှိ
ထိရောက်စွာသုံးစွဲနိုင်ရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ဟိုပုံးမြို့နယ်ရှိ မွေးမြူရေးတောင်သူ
ဒေါ်လှလှ၏ ဥစားကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၂၀၇၉၀ မွေးမြူထားမှုနှင့် ထွက်ရှိလာသည့်ကြက်ဥများ
ဒေသတွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဟိုပုံးမြို့နယ်
အသေးစားမွေးမြူရေးဇုန် ဖော်ထုတ်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဒေသခံမွေးမြူရေးတောင်သူများအားတွေ့ဆုံ၍
မွေးမြူရေးဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ
အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းရေးနှင့်
မွေးမြူရေးတိရစ္ဆာန်ကူးစက်ရောဂါများကို စဉ်ဆက်မပြတ်စောင့်ကြည့်၍ ကြိုတင်ကာကွယ်ရန် လိုအပ်ချက်များကို
ဆွေးနွေးမှာကြားကာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြုဆေးဝါးများ ပေးအပ်သည်။
ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး
အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ်၏
လယ်ယာ၊ သား/ငါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သီးနှံတစ်ဧကချင်း၏ ပန်းတိုင်အထွက်နှုန်းရရှိရေး၊
မျိုး၊ မြေ၊ ရေ၊ နည်း ကူညီ ဖြည့်ဆည်းပေးနိုင်ရေး၊ စိုက်ပျိုးနည်းပညာများကို ဝန်ထမ်းများကိုယ်တိုင်
ကွင်းဆင်း ဆောင်ရွက်ပေးသကဲ့သို့ တောင်သူအချင်းချင်း နည်းပညာလက်ဆင့်ကမ်းဖြန့်ဝေနိုင်ရေး
အားပေး ဆောင်ရွက်ရန်၊ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် ဆီထွက်သီးနှံများကို သီးထပ်သီးညှပ်တိုးချဲ့
စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများကို ပြည်နယ်အစိုးရ၏ ကြီးကြပ်မှု၊
သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စနစ်တကျကြိုးပမ်းဆောင်ရွက်ရန်
ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments