အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘုရားကျောင်း၌ လူအုပ်ပြိုကျမှုကြောင့် ခြောက်ဦးထက်မနည်းသေဆုံး၊ ၂၉ ဦးဒဏ်ရာရ
ဇူလိုင် ၂၈
အိန္ဒိယနိုင်ငံမြောက်ပိုင်းဉတ္တရာခန်ပြည်နယ်ရှိ
ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ယမန်နေ့က လူအုပ်ပြိုကျမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးပြီး
၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
အဆိုပါလူအုပ်ပြိုမှုသည် ဉတ္တရာခန်ပြည်နယ်ရှိ
မြို့တော် ဒီရှ်ရာဒန်၏တောင်ဘက် ၅၃ ကီလိုမီတာအကွာ ဟာရီဒွာခရိုင်ရှိ မန်ဆာဒီဗီဘုရားကျောင်းတွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘုရားကျောင်းလမ်းအဆင်း မီတာ
၁၀၀ အကွာရှိလှေကားပေါ်တွင်ဘုရားဝတ်ပြုသူတစ်ဦး ဓါတ်လိုက်ခံရကြောင်း ကောလာဟလသတင်းထွက်ပေါ်လာမှုကြောင့်
ဝတ်ပြုလာသူများ ထိတ်လန့်တကြား ထွက်ပြေးရာမှလူအုပ်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
ရဲတပ်ဖွဲ့အကြီးတန်းတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု
၎င်းကဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်
ယင်းနေရာသို့ ရဲတပ်ဖွဲ့နှင့် ပြည်နယ်သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့တို့အမြန်ဆုံးရောက်ရှိလာကြောင်း
ဖော်ပြထားသည်။
ဟာရီဒွာခရိုင်သည် ဟိန္ဒူဘုရားဝတ်ပြုသူများအတွက်
အဓိကဘုရားဝတ်ပြုနေရာများအနက်တစ်ခုဖြစ်သည်။ လူအုပ်ပြိုကျမှုမဖြစ်ပွားမီက ထိုဘုရားကျောင်းတွင်
ဘုရားဝတ်ပြုလာသောလူအုပ်ကြီးစုဝေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments