နှိပ်စက်ညှင်းပန်းခဲ့သည့် ဒဏ်ရာများဖြင့် ဆေးဝါးကုသခွင့်မရဘဲ အကျဉ်းသူ မဝတ်ရည်အောင် ကွယ်လွန်သည်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေ



နေပြည်တော် ဇူလိုင် ၂၅

 

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် စစ်တပ်၏ စစ်ကြောရေးအတွင်း နှိပ်စက်ညှင်းပန်းခဲ့သည့် ဒဏ်ရာများဖြင့် ဆေးဝါးကုသခွင့်မရဘဲ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကွယ်လွန်သည်ဟု Khit Thit Media အမည်ခံ Facebook Page ၌ အများပြည်သူ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

 

ဖြစ်စဉ်အမှန် စိစစ်ရာတွင် အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား/သူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံ နေရသူများသာရှိပြီး အကျဉ်းသူ မဝတ်ရည်အောင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ အကြမ်းဖက် ၅၂(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူဖြစ်ကြောင်း၊ ယင်းအကျဉ်းသူသည် အတက်ရောဂါ၊ လေဖျန်းခြင်း၊ သွေးတိုးရောဂါ ခံစားနေရသူဖြစ်ကာ အကျဉ်းထောင်ဆေးရုံ၌ ငါးကြိမ်၊ အင်းစိန် ပြည်သူ့ဆေးရုံကြီး၌ (၁၀)ကြိမ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် အတက်ရောဂါဝေဒနာ ထပ်မံခံစားနေရသဖြင့် အကျဉ်းထောင်ဆေးရုံအုပ်မှ အနီးကပ်ကြပ်မတ် ကုသပေးခဲ့သော်လည်း သက်သာလာခြင်းမရှိသဖြင့် ယင်းနေ့၌ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ကုသပေးခဲ့ပြီး ဇူလိုင် ၂၀ ရက်တွင် အတက်ရောဂါ၊ ဦးနှောက်ရောင်ရမ်းခြင်း၊ နှလုံးအားနည်းခြင်း ရောဂါတို့ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သဖြင့် အကျဉ်းထောင်အတွင်း ရောက်ရှိချိန်တွင် လုံလောက်သည့် ဆေးဝါးကုသခွင့် မရသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း အကျဉ်းထောင် တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

 

အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိနှင့် အကျဉ်းထောင်ဆရာဝန်တို့သည် အိပ်ဆောင်/တိုက်ခန်းများသို့ လှည့်လည်စစ်ဆေးချိန်များတွင် အကျဉ်းသား/သူများ၏ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေးတို့အား မေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကျဉ်းထောင်ဆေးရုံအုပ်က အိပ်ဆောင်များ၌ ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သည့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အလားတူ သထုံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင် ရုတ်တရက် ကွယ်လွန်သွားပြီး ထောင်က နေ့ချင်းအလောင်းကို မီးသင်္ဂြိုဟ်သည်ဟု Khit Thit Media အမည်ခံ Facebook Page မဟုတ်မမှန် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

 

ဖြစ်စဉ်အမှန်မှာ အကျဉ်းသား ပြည့်စုံအောင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ အကြမ်းဖက် ၅၂ (က)ဖြင့် ပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး အကျဉ်းထောင်သို့ မရောက်ရှိမီ ပြင်ပတွင်နေထိုင်စဉ်ကတည်းက ဆီးချိုရောဂါခံစားနေရသူဖြစ်ကြောင်း၊ ဆီးချိုရောဂါကြောင့် အကျဉ်းထောင်ဆေးခန်းနှင့် သထုံခရိုင်ဆေးရုံကြီးတို့တွင်   ဆေးဝါးကုသမှုများပေးခဲ့ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်တွင်  ဆီးချိုရောဂါကြောင့် အသက်ရှူမောကြပ်၍ သထုံခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့သော်လည်း သက်သာလာခြင်းမရှိဘဲ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် အဆိုပါရောဂါဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားသေဆုံးမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မိသားစုဝင်များထံ ဆက်သွယ်အကြောင်းကြားခဲ့ရာ ၎င်း၏ ညီမဖြစ်သူတစ်ဦးသာ လာရောက်၍ လမ်းခရီးအခက်အခဲကြောင့် ချက်ချင်းသင်္ဂြိုဟ်ပေးရန် အကူညီတောင်းခံသည့်အတွက် ချက်ခြင်းသင်္ဂြိုဟ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အကျဉ်းထောင်တွင် အိပ်ဆောင်အလိုက် အဆောင်မှူးများက နာမကျန်းဖျားနားသူများရှိ/မရှိ နေ့စဉ်မေးမြန်းလျက်ရှိပြီး အချိန်မီ အကျဉ်းထောင်ဆေးရုံသို့ တက်ရောက်ကုသပေးခြင်း၊ လိုအပ်ပါက ပြင်ပဆေးရုံကြီးများသို့ တင်ပို့ကုသပေးခြင်း၊ ပြင်ပအထူးကု ဆရာဝန်များအား ပင့်ဖိတ်၍ ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် Khit Thit Media ၏ ဖော်ပြမှုများသည်  ပြည်သူအများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။ သစ္စာ

No comments

Powered by Blogger.