ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၂၈
“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက်
နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ
စိန်ခေါ်မှုများ အတွက် ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့်
ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum) ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား
ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး
ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်း
ပြည်ပပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ
ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့မှ
ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်ဝန်ကြီးဌာနများမှ
ဖိတ်ကြားထားသည့် အင်ဂျင်နီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ယနေ့တွင်ကျရောက်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု
လေးလပြည့်အဖြစ် မန္တလေးငလျင်ကြီး ဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသော ရဟန်း၊ရှင်၊
လူပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တစ်မိနစ် ငြိမ်သက်ကြသည်။
ထို့နောက် “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက်
နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ
စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” မှတ်တမ်း Video ကို ကြည့်ရှုကြသည်။
မိမိတို့၏ တီထွင်ဖန်တီးမှုနည်းပညာများဖြင့် တည်ဆောက်နေထိုင်လာ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့နေရာအနှံ့အပြား၌ တိုင်းပြည်နိုင်ငံအသီးသီးထူထောင်နေထိုင်ခဲ့ကြသည့်
လူသားများသည် ယဉ်ကျေးတိုးတက်လာသည့်ကာလမှစပြီး သဘာဝတရား၏ ဖန်တီးထားမှုများ အပေါ် နေ့စဉ်လူနေမှုဘဝ
အဆင်ပြေချောမွေ့လုံခြုံမှုရရှိစေရေး မိမိတို့၏ တီထွင်ဖန်တီးမှု နည်းပညာများဖြင့် တည်ဆောက်နေထိုင်လာကြခြင်းဖြစ်ကြောင်း။
ထိုကဲ့သို့ သဘာဝတရားနှင့် လိုက်လျောညီထွေဖြစ်အောင်
တီထွင်ဖန်တီးနေထိုင်ခဲ့ကြသော်လည်း ကမ္ဘာမြေကြီး၏ နောက်ထပ်ပေးထားချက်တစ်ရပ်ဖြစ်သည့်
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခြင်း များကိုမူ ရှောင်လွှဲ၍မရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊
လူ့သမိုင်းတစ်လျှောက် တိုးတက် ဖြစ်ထွန်းလာသည့် သိပ္ပံပညာရပ်များအပေါ် အခြေခံပြီး ကြိုတင်သတိပေးကာကွယ်နိုင်သည့်
လေပြင်း မုန်တိုင်းအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်၊ တောမီးလောင်ကျွမ်းမှုအန္တရာယ်များရှိသကဲ့သို့
မြေငလျင်အန္တရာယ်ကဲ့သို့သော တိကျစွာ ကြိုတင်ခန့်မှန်းခြင်းမပြုနိုင်ဘဲ ရင်ဆိုင်ကြရသည့်
သဘာဝဘေးအန္တရာယ်မျိုးလည်းရှိကြောင်း၊ သဘာဝဘေးအန္တရာယ်အမျိုးအစားများအနက် မြေငလျင်သည်
ဖွံ့ဖြိုးဆဲနိုင်ငံများသာမက အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နိုင်ငံများ၊
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပါ ကြိုတင်ပြင်ဆင်မှုလိုအပ်ချက်ရှိလျှင် ရှိသကဲ့သို့ ထိခိုက်ဆုံးရှုံးမှု
ကြီးမားစေသည့် သဘာဝဘေးအမျိုးအစားလည်း ဖြစ်ကြောင်း။
စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်
မိမိတို့မြန်မာနိုင်ငံ၌လည်း စတင်ပြီး
သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည့် ၁၈၃၉ ခုနှစ်မှ ယနေ့ကာလအထိ ရစ်ချ်တာစကေး (၆) နှင့်အထက်
ငလျင်ကြီးပေါင်း အကြိမ် (၂၀) ခန့်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို
သမိုင်းမှတ်တမ်းများအရ သိရှိကြပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး
၇ ဒသမ ၇ ဖြင့် လှုပ်ခတ်သွားခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် ပြည်နယ်နှင့်
တိုင်းဒေသကြီး (၅) ခု၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်စေခဲ့သည့် မန္တလေးငလျင်ကြီးသည်လည်း
စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း။
ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့
အဆိုပါမန္တလေးငလျင်ကြီးကြောင့် ရဟန်း၊ရှင်၊
လူ ပြည်သူ ၃၇၃၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့သည့် အသက်ဆုံးရှုံးမှုအရေအတွက်
သိန်းဂဏန်းရှိသော ငလျင်ကြီးများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသက်သာသော်လည်း
မိမိတို့နိုင်ငံအတွက် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရကြောင်း၊ အခြေခံအဆောက်အအုံ
ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၀၀၀၀ ကျော်အပါအဝင် လမ်း၊ တံတားများ၊ တာဝါတိုင်များ၊
ကျောင်း၊ ဆေးရုံများ၊ သာသနိက အဆောက်အအုံများ၊ စက်ရုံ/ အလုပ်ရုံများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း။
ပြည်သူများကို နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုများ
ပြန်လည်ထူထောင်နိုင်ရေးကိုလည်း နိုင်ငံတော်က ကနဦးမတည်ငွေ ကျပ်ငွေဘီလီယံ ၅၀၀ ထောက်ပံ့ဆောင်ရွက်ပေးထားပြီး
ဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် နောက်ထပ်
ကျပ်ငွေ ၂ ထရီလီယံကိုလည်း ဆက်လက်ထောက်ပံ့ပေးနေကြောင်း။
ငလျင်ဘေးအန္တရာယ်ကို ယခုအချိန်အထိ တိုးတက်သည့်
သိပ္ပံပညာရပ်များနှင့် တိကျစွာ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးသည်လည်း အားလုံးအသိပင်ဖြစ်ကြောင်း၊
ထိုကဲ့သို့အခြေအနေမျိုး တွင် မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်သည်မှာ တတ်နိုင်သမျှ အကောင်းဆုံးကြိုတင်ပြင်ဆင်ခြင်းပင်
ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းဆိုရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်
ပြင်ဆင်ခြင်း သာမက သဘာဝဘေးအန္တရာယ်များ ကျရောက်လာချိန်တွင် ပြည်သူများ၏ အသက်အိုးအိမ်များ
ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်မြော်တွေးပြင်ဆင်ခြင်းသည် အဓိကကျသည့်
အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် “ငလျင်ကာလအလွန်
နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum)” သည် ဖြစ်ပွားပြီးသည့်
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှု များကို ပြန်လည်ကုစားရန်နှင့်
ပြန်လည်ပြုပြင်တည်ဆောက် ရန်အတွက်သာမက ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေသည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့်
အနာဂတ်ကာလများတွင် ငလျင်အန္တရာယ်ရင်ဆိုင်ရသည့်အခါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်
မည်ကဲ့သို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြမည်ဆိုသည်ကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သောကြောင့်
မိမိတို့နိုင်ငံရှိ တည်ဆောက်ရေးကဏ္ဍ၏ လိုအပ်ချက်များကို ထိရောက်အကျိုးရှိစွာ ဖော်ထုတ်ဆွေးနွေးပေးကြရန်
မှာကြားလိုကြောင်း။
ကမ္ဘာတွင် ငလျင်ဒဏ်ခံရသည့် နိုင်ငံများစွာရှိကြောင်း၊
ယင်းတို့အနက် ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများသည် နည်းပညာနှင့် အရည်
အသွေးကောင်းသည့် တည်ဆောက်ရေးပစ္စည်းများ ကိုအသုံးပြုပြီး မိုးမျှော်တိုက်များ၊ အထပ်မြင့်၊
အဆင့်မြင့်အဆောက်အအုံများ တည်ဆောက်နိုင် သည်ကို တွေ့နိုင်ကြောင်း၊ မိမိတို့သည်လည်း
မည်သည့်အတွက်ကြောင့် မလုပ်ဆောင်နိုင်ရမည် နည်းဟု စဉ်းစားနိုင်ရန် လိုကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပဓာနကျသည့် တည်ဆောက်ရေးကဏ္ဍတွင် တည်ဆောက်သည့် အဆောက်အအုံများ၏ အရည်အသွေးပြည့်ဝပြီး
ခိုင်ခံ့ကောင်းမွန်ရေးသည် အလွန်အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့လူသားများအနေဖြင့်
ယနေ့အချိန်အထိ ကြိုတင်ခန့်မှန်းခြင်းမပြုနိုင်သကဲ့သို့ ရှောင်လွှဲ၍လည်း မရနိုင်သည့်
မြေငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မျိုးတွင် မိမိတို့ထူထောင်
တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများသည် ငလျင်ဒဏ်ခံနိုင်သည့် စံချိန်စံညွှန်းအရည်
အသွေးများနှင့် ကိုက်ညီမှသာ မိမိတို့ပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးရခြင်းများမှ
ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း။
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးသည့်နောက်
ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံပိုင် ရုံးအဆောက်အအုံနှင့် လူနေတိုက်တာအိမ်ခြေများကို
ဆန်းစစ်သည့်နေရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများက အင်ဂျင်နီယာများ၊
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့်
အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့တို့
ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ပျက်စီးမှုအခြေအနေအလိုက် အရောင်ခွဲခြားသတ်မှတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည့်အပြင်
ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်နိုင်ရေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံ၊
လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင်
လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်
(Standard Operating Procedure–SOP) နှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး
သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အအုံများ၊ ဘုရား၊ စေတီများနှင့်
သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင် နိုင်ရန်နှင့် အသစ်ပြန်လည် တည်ဆောက်ရာတွင်
လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းအဆင့်ဆင့် (Standard
Operating Procedure- SOP) ကိုလည်း ရေးဆွဲထုတ်ပြန်ပေးခဲ့ကြသည့်အတွက် များစွာကျေးဇူးတင်သည်ကို
ပြောကြားလိုကြောင်း၊ ငလျင်ဒဏ်သင့်အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရေးအတွက် “အဆောက်အဦများ
ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ” ကိုလည်း ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ
စနစ်တကျဆောင်ရွက်စေလျက်ရှိကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများ၌ စံချိန်စံညွှန်းများ
စနစ်တကျရှိစေရေးအတွက်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊
မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့်
မြန်မာနိုင်ငံငလျင်ကော်မတီအပါအဝင် မြို့ပြအင်ဂျင်နီယာနှင့် ငလျင်ဆိုင်ရာ အသင်းအဖွဲ့များက
ပေါင်းစပ်ညှိနှိုင်းပြုစုပြီး ၂၀၁၂ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ
စံချိန်စံညွှန်း လမ်းညွှန်ချက်များ (MNBC) ကို ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင်
တစ်ကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့ကြပြီး ယခု ၂၀၂၅ ခုနှစ်တွင်လည်း မကြာမီကလှုပ်ခတ်ခဲ့သည့်
မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသော ဘူမိသိပ္ပံဆိုင်ရာ အချက်အလက်များအပေါ် အခြေခံပြီး
အနာဂတ်ကာလတွင် တွေ့ကြုံ လာနိုင်ဖွယ်ရှိသည့် ငလျင်များအတွက် လုံလောက်သော စံချိန်စံညွှန်းသတ်မှတ်ချက်များ၊
မတူကွဲပြားသည့် ဒေသအလိုက် ပိုမိုအသေးစိတ်တိကျသော ငလျင်ဇုန်မြေပုံများ ဖြည့်စွက် ထည့်သွင်းပေးခဲ့သည့်အပြင်
ငလျင်လှုပ်ခတ်စဉ် ပျက်စီးခဲ့သည့် အဆောက်အအုံများ၏ ပျက်စီးမှုပုံစံ (Mode of
Failure) များကို သုံးသပ်ပြီး အဆောက်အအုံအမျိုးအစားအလိုက် တွက်ချက်မှုနည်းစနစ်
(Seismic Load Calculation Method) များကိုလည်း ထည့်သွင်းဖော်ပြပြီး ထုတ်ဝေခဲ့ပြီး
ဖြစ်သည့်အတွက် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ
(MNBC) ၂၀၂၅ သည် ငလျင်ဒဏ်ခံနိုင်ရည်ရှိနိုင်မည့် Earthquake Resilient Design
Framework တစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရကြောင်း။
အသက်အိုးအိမ်လုံခြုံမှုကို ပေးစွမ်းနိုင်မည်
တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့်
ဘိလပ်မြေနှင့် သံ၊ သံမဏိပစ္စည်း တင်သွင်း
ရောင်းချသူ၊ ပြည်တွင်းထုတ်လုပ်သူများမှစပြီး တွက်ချက်ပုံစံထုတ်သူပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ
Developer များ၊ ကန်ထရိုက်တာများ၊ ကြီးကြပ် တည်ဆောက်သူအင်ဂျင်နီယာများနှင့် အရည်အသွေး
စစ်ဆေးသူများ အစရှိသည့် Construction Industry တစ်ခုလုံးတွင်ရှိကြသည့် အဆင့်ဆင့်သော
Stakeholder များအားလုံးက စနစ်တကျဖြင့် အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းလိုက်နာ ဆောင်ရွက်ကြမှသာ
ယနေ့မိမိတို့တာဝန်ယူတည်ဆောက်သော အခြေခံအဆောက်အအုံများသည် အနာဂတ်ကာလများတွင် ငလျင်အန္တရာယ်ကြုံတွေ့လာသည့်အခါ
ပြည်သူအများ၏ အသက်အိုးအိမ် လုံခြုံမှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း။
ဝိုင်းဝန်းဆွေးနွေးအဖြေရှာ
ထို့ကြောင့် ယနေ့ကျင်းပသည့် ငလျင်ကာလအလွန်
နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earth-quake Technical Forum) တွင် တက်ရောက်လာကြသည့်
ပညာရှင်များအနေဖြင့် ငလျင်ဒဏ် ခံနိုင်ရည်ရှိသော အဆောက်အအုံများ တည်ဆောက်နိုင်ရေး မိမိတို့နိုင်ငံရှိ
တည်ဆောက်ရေး လုပ်ငန်းများ၏ ပကတိအခြေအနေနှင့် သတ်မှတ်ထုတ်ပြန်ထား ပြီးဖြစ်သည့် စည်းမျဉ်းစည်းကမ်း
သတ်မှတ်ချက်များအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း
ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရန် ဆွေးနွေးမှာကြားလိုကြောင်း။
နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် ဦးထမ်းပဲ့ထမ်းဆိုသကဲ့သို့
နေရာစုံမှ ပါဝင်ဆောင်ရွက် လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာနှင့်
ဗိသုကာပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း
ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများအပါအဝင် Stakeholder များ အားလုံးအနေဖြင့်
အနာဂတ်ကာလများတွင် မိမိတို့ နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး
စိတ်ချလုံခြုံသော အခြေခံအဆောက်အအုံများ ဖန်တီးတည်ဆောက်ပေးနိုင်ရေး ယနေ့ကျင်းပသည့် ငလျင်ကာလအလွန်
နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum) ကတစ်ဆင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြရန်
တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အထိမ်းအမှတ်ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က Damage Assessment နှင့် Earthquake Clinic ဆောင်ရွက်ပေးခဲ့ကြသည့်
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊
အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဥက္ကဋ္ဌများနှင့်
တာဝန်ရှိသူများအား အထိမ်းအမှတ်ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။
ထို့နောက် “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက်
နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ
စိန်ခေါ်မှုများ အတွက် ကြိုတင်ပြင်ဆင်ခြင်း” ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ
(Post Earthquake Technical Forum) တွင် သုံးသပ်ဆွေးနွေးမည့်ခေါင်းစဉ်များ၊ ကဏ္ဍအလိုက်
ဆွေးနွေးမည့်ပုဂ္ဂိုလ်များနှင့် စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များက မိတ်ဆက်တင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ
ဆွေးနွေးပွဲ (Post Earthquake Technical Forum) အထိမ်းအမှတ် ပြခန်းများအား စိတ်ပါဝင်စားစွာ
လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
အဆိုပါ “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက်
နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ
စိန်ခေါ်မှုများ အတွက် ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့်
ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) အား မန္တလေးငလျင်ကြီးကြောင့်
ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက်
နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများအတွက်
ကြိုတင်ပြင်ဆင်နိုင်ရေး သုံးသပ်ဆွေးနွေးအဖြေရှာနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး
ဇူလိုင် ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments