ဒေသအတွင်း စီးပွားရေးတိုးတက်ကောင်းမွန်စေရန် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝအောင် ဆောင်ရွက်

 



ပညာရေးကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုစေမည်

နေပြည်တော် ဩဂုတ် ၂ဝ

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အောင်လံမြို့ရှိ အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးမှာကြားသည်။

 

ရှင်းလင်းတင်ပြ

ထိုသို့ တွေ့ဆုံရာတွင် ဦးစွာ အောင်လံခရိုင် အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဆန်ဖူလုံမှု အခြေအနေများ၊ အောင်လံခရိုင်အတွင်း စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ အောင်လံမြို့ရှိ ဆေးရုံကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလို မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အောင်လံနယ်မြေ ဒေသလုံခြုံ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အောင်လံမြို့ရှိ ဆေးရုံကြီးအား သတ်မှတ်ချက်များနှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ အောင်လံမြို့ရှိ မြို့နယ်ခန်းမအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ယာမြေများကိုအသွင် ပြောင်းလယ်မြေများအဖြစ် ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်းဖြင့် အထွက်နှုန်းများ ပိုမိုတိုးတက် စေရန်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိသေးသည်ကို တွေ့ရကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှု မရှိခြင်းကြောင့် အောင်လံခရိုင်တွင် နှစ်စဉ်ဝင်ငွေ ငွေကျပ် ၄၆၅ ဘီလီယံခန့် လျော့နည်း လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်ကောင်းမွန်လာကာ ဒေသစီးပွားကို များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း။

 

ထို့ကြောင့် အထွက်နှုန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက် ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း များ လုံလောက်ကောင်းမွန်စွာရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်လိုသကဲ့သို့ မြေကောင်းမွန် မှုရှိစေရေး မြေပြုပြင်ခြင်းလုပ်ငန်းများနှင့် သဘာဝမြေဩဇာများကို အသုံးပြုရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်း များအသုံးပြု၍ ရှိပြီးသား ရေအရင်းအမြစ်ဖြစ်သော ဧရာဝတီမြစ်ရေများကို စနစ်တကျအသုံးချ ရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းစနစ်တကျဖြင့် စိုက်ပျိုးရန်လည်း လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှ သီးနှံအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်း ဆန်ဖူလုံလာမည်ဖြစ်ပြီး ဒေသထွက်သီးနှံများဖြစ်သည့် ဆီထွက် သီးနှံနှင့် ပဲမျိုးစုံကိုလည်း ပိုမိုတိုးတက် ထုတ်လုပ်လာနိုင်မည် ဖြစ်သဖြင့် ဒေသအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

 

လျှပ်စစ်ဓာတ်အား လိုအပ်ချက် နှင့်ပတ်သက်၍ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ဒေသတစ်ခုတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အောင်လံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း လုပ်ဆောင်မှုများ အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် အဆိုပါတိရစ္ဆာန်အစာများကို အသုံးပြု၍ ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို မွေးမြူနိုင်ကြောင်း၊ ထိုသို့မွေးမြူ ဆောင်ရွက်ခြင်းဖြင့် ဒေသစားရေးကို ပိုမိုအထောက် အကူပြုနိုင်မည် ဖြစ်ကြောင်း။

 

ဒေသအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊

 

အောင်လံဒေသအတွင်း ဝါစိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိသဖြင့် ဝါနှင့်ပတ်သက်သည့် စက်မှု လုပ်ငန်းများကို အခြေခံမှစ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသစီးပွား တိုးတက်ရေးကို များစွာ အထောက် အကူပြုမည်ဖြစ်ကြောင်း။

 

အောင်လံခရိုင်အတွင်း ကျောင်းသား ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှုများ အားနည်းလျက် ရှိသည်ကို တွေ့ရကြောင်း၊ တန်းစဉ် ကူးပြောင်းမှုများ မြင့်မားလာမှသာ လူတစ်ဦးချင်း၏ တိုးတက်မှု များရှိလာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ဒေသအတွင်း စီးပွားရေးတိုးတက် ကောင်းမွန်စေရန်အတွက် ပညာတတ် လူသားအရင်းအမြစ်များ ပေါများကြွယ်ဝအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်း ပညာက ဆိုသည့်အတိုင်း သင်ကြားမှုအဆင့်အလိုက် တစ်ဦးချင်း၏ စိတ်ဓာတ်နှင့် စည်းကမ်း ကောင်းမွန်မှုများ ကွာခြားသွားကြကြောင်း၊ ထို့ကြောင့် ကျောင်းနေရာခိုင်နှုန်းများ ကောင်းမွန်ပြီး တန်းစဉ် ကူးပြောင်းမှုများ ကောင်းမွန်အောင် ဝိုင်းဝန်းဆောင် ရွက်ပေးကြစေလိုကြောင်း၊ ပညာရေး ကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်း။

 

အောင်လံ ဒေသအတွင်းသစ်တောသစ်ပင်များကို ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ သစ်ပင်သစ်တောများရှိမှသာ သဘာဝဘေးဒဏ်များကို ထိုက်သင့်သလောက် လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်တာဝန် ယူချိန်မှစ၍ ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်း နှစ်ဧကနှုန်းဖြင့် စိုက်ပျိုးရန် မှာကြားထားကြောင်း၊ အလားတူ မြို့ရွာများ၊ ရပ်ကွက်များအလိုက် တစ်အိမ်လျှင် သစ်ပင်တစ်ပင်နှုန်း နှစ်စဉ်စိုက်ပျိုးသွား မည်ဆိုပါက သစ်ပင်သစ်တောများ ပိုမိုများပြား လာမည်ဖြစ်ကြောင်း၊ လမ်းဧရိယာများ၌လည်း သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ ခေတ်အဆက်ဆက်တွင် အုပ်ချုပ်ရေးစနစ်များ ပုံစံအမျိုးမျိုးဖြင့် အဆင့်ဆင့် ပြောင်းလဲ လာခဲ့ကြောင်း၊ ကိုလိုနီခေတ်၌ ခရိုင်အုပ်ချုပ်ရေးကို အခြေခံသည့် မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင် စသည့်ပုဂ္ဂိုလ်များက ဒေသအလိုက် လက်တွေ့အကောင် အထည်ဖော်ရသော အုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမို ကရေစီစနစ်၌လည်း ၎င်းစနစ်ကိုပင် အခြေခံ၍ ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၌ အုပ်ချုပ်ရေးမှူး များ၏အပေါ်တွင် ကောင်စီဥက္ကဋ္ဌများက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ နဝတခေတ်တွင် တပ်မတော်က ခန့်အပ်သည့် ဥက္ကဋ္ဌများက ဦးဆောင်၍ ဆောင်ရွက်ခဲ့ပြီး နယကခေတ်မှစ၍ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများက ဦးဆောင် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင်လည်း ဒေသအလိုက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးတို့ကို ဒီမိုကရေစီစနစ်နှင့်အညီ ဆောင်ရွက်စေခဲ့ကြောင်း။

 

ဒေသတစ်ခု တိုးတက်ရေးအတွက် ဒေသတွင်းနေထိုင်ကြသူများတွင် တာဝန်ရှိပြီး ဒေသကို ဦးဆောင်အုပ်ချုပ်နေသူများတွင်လည်း တာဝန်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေ သည့် ဒေသအတွင်း ခရိုင်၊ မြို့နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တတ်နိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ပေးထားသည့် မူဝါဒ များနှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသအတွင်း တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့် ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သက်ဆိုင်ရာဌာနချင်းအလိုက် ညှိနှိုင်း၍ လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ခရိုင်အလိုက်၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ အောင်လံခရိုင်အတွင်း အခြေခံကောင်းများ ရှိပြီးဖြစ်သဖြင့် တိုးတက်ရေး အတွက် အားလုံးက ဒေသဖွံ့ဖြိုး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့ရှိ ရွှေတင့်ဝမ်း မွေးမြူရေးဇုန်သို့ ရောက်ရှိကြပြီး မွေးမြူရေးဇုန်အတွင်း ဥစားကြက်များ မွေးမြူထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မွေးမြူရေးဇုန်အတွင်း အရိပ်ရ လေကာပင်များ စိုက်ပျိုးသွားရန်နှင့် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဖြင့် ဆောင်ရွက်သွားရန်၊ သန့်ရှင်းမှုများရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့ အဝေးပြေး ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်ယာဉ်ရပ် နားစခန်းအတွင်း ယာဉ်ရပ်နားမှုများ စနစ်တကျ ဖြစ်စေရေးဆောင်ရွက်ရန်၊ အရိပ်ရ လေကာပင်များအား စနစ်တကျ စိုက်ပျိုးသွာရန်၊ ယာဉ်ရပ်နားစခန်း အနီးပတ်ဝန်းကျင်၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုကို အထောက်အကူပြုစေမည့် သစ်တောငယ်များ စိုက်ပျိုး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်




No comments

Powered by Blogger.