ဂါဇာဒေသ၌ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးပါဝင်သောအဆိုပြုချက် ဟားမတ်စ်အဖွဲ့ သဘောတူ
ဩဂုတ် ၁၉
ဂါဇာကမ်းမြောင်ဒေသတွင် ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးပါဝင်သောအဆိုပြုချက်တစ်ရပ်ကို ဟားမတ်စ်အုပ်စုက သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါသဘောတူညီချက်သည် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးပွဲများရပ်တန့်နေစဉ် စစ်ဘက်ဆိုင်ရာစစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်သွားမည်ဟူသော ကြေညာချက်အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့စစ်ဦးစီးချုပ်က ဟားမတ်စ်အဖွဲ့ကိုပြတ်ပြတ်သားသားအနိုင်ယူပြီးသည်အထိ ဂါဇာဒေသကိုဆက်လက်တိုက်ခိုက်သွားမည်ဟု ဩဂုတ် ၁၇ ရက်က ပြောကြားခဲ့သည်။
ဟားမတ်စ်အဖွဲ့က အီဂျစ်နှင့်ကာတာနိုင်ငံတို့ ကြားဝင်ဖျန်ဖြေသူများတင်ပြခဲ့သော ယင်းအဆိုပြုချက်ကို အတည်ပြုကြောင်း ယမန်နေ့ကထုတ်ပြန်ခဲ့သည်။
ထိုအဆိုပြုချက်တွင် တိုက်ပွဲများ ရက်ပေါင်း ၆၀ ကြာ ဆိုင်းငံ့ထားရန်၊ ပဋိပက္ခအဆုံးရေးညှိနှိုင်းမှုများပြန်လည်စတင်ရန်နှင့် ဂါဇာဒေသတွင် ဖမ်းဆီးခံထားရသော ဓားစာခံ စုစုပေါင်း၏ ငါးပုံတစ်ပုံဖြစ်သော ဓားစာခံ ၁၀ ဦးကို ဟားမတ်စ်က လွှတ်ပေးရန် တို့ပါဝင်သည်။
ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် ဂါဇာကမ်းမြောင်သို့ နေ့စဉ် ထရပ်ကားအစီးရေ ၆၀၀ ကိုလည်း ဝင်ရောက်ခွင့်ပြုမည်ဟုလည်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments