ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က
တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲ အောင်မြင်နိုင်စေရေး ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့
သက်ဆိုင်ရာဌာန ဆိုင်ရာများကလည်း ကော်မတီအလိုက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို
သိရှိလိုက်နာ ပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်းနှင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်
သိရှိစေရေး ကြိုတင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည့် မြို့နယ်များရှိ
မဲရုံတည်ရှိရာအလိုက် လုံခြုံရေးဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီး
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဆန္ဒမဲပေးစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ မဲပေးနိုင်ရေးနှင့်
မဲမသမာမှုမဖြစ် ပေါ်စေရေး စီမံဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၏
ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
တိုင်းဒေသကြီး ဦးစီးမှူးတို့က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများနှင့် မြေပြင်အတည်ပြု
လူဦးရေ စာရင်းကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို
ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments