သြစတြေးလျရှိ သန်းပေါင်းများစွာသော ကမ်းရိုးတန်းအိမ်များ ရေလွှမ်းမိုးနစ်မြုပ်မှု အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်
ကန်ဘာရာ စက်တင်ဘာ ၁၅
သြစတြေးလျရှိ သန်းပေါင်းများစွာသော ကမ်းရိုးတန်းအိမ်များသည် ပင်လယ်ရေမြင့်တက်လာမှု
ကြောင့် ရေလွှမ်းမိုးနစ်မြုပ်မှုအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့အပြင်
ကမ္ဘာကြီး ပူနွေးမှုသည် ၃ ဒီဂရီဆဲလ်စီးယပ်ထက် ကျော်လွန်ရောက်ရှိလာပါက အပူနှင့်ဆက်စပ်ဖြစ်စဉ်များ ကြောင့် သေဆုံးသူဦးရေသည် နှစ်ဆမြင့်တက်လာမည်ဖြစ်ကြောင်း
စက်တင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ပင်လယ်ရေမြင့်တက်လာမှုကြောင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ ကမ်းရိုးတန်းအနီးတွင်ရှိသည့်
လူနေအိမ်ခြေပေါင်း ၁ ဒသမ ၅ သန်းကျော် ရေလွှမ်းမိုးမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင် ကြောင်း သြစတြေးလျရာသီဥတု
ဝန်ဆောင်မှု(အေစီအက်စ်)က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည့် သြစတြေးလျ၏ ပထမဆုံး အမျိုးသားရာသီဥတုဘေးအန္တရာယ်ဆိုင်ရာ အကဲဖြတ်မှတ်တမ်းတွင် ဖော်ပြထားသည်။
ကမ္ဘာကြီးပူနွေးမှုသည် ၃ ဒီဂရီ ဆဲလ်စီးယပ်ထက် ကျော်လွန်လာပါက ၂၀၉၀ မတိုင်မီ ကမ်းရိုးတန်း အိမ်ခြေသုံးသန်းကျော် ရေလွှမ်းမိုးမှုအန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
ကမ္ဘာကြီးပူနွေးမှုသည် ၃ ဒီဂရီဆဲလ်စီးယပ်ထက် ကျော်လွန်ပါက အပူနှင့်ဆက်စပ်ဖြစ်စဉ်များကြောင့်
သေဆုံးသူဦးရေသည် ဆစ်ဒနီတွင် ၄၄၄ ရာခိုင်နှုန်းထက်တိုးလာနိုင်ပြီး မဲလ်ဘုန်းတွင်
၂၅၉ ရာခိုင်နှုန်းထက် တိုးလာနိုင်ကြောင်း သိရသည်။ အကယ်၍ ကမ္ဘာကြီးပူနွေးမှုကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိသာ
ကန့်သတ်ထားနိုင်မည်ဆိုပါက အပူနှင့်ဆက်စပ်ဖြစ်စဉ်များကြောင့် သေဆုံးသူဦးရေသည် ဆစ်ဒနီတွင်
၁၀၃ ရာခိုင်နှုန်းအထိသာ ရှိမည်ဖြစ်ပြီး
မဲလ်ဘုန်းတွင် ၆၀ ရာခိုင်နှုန်းအထိသာရှိမည်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
ယနေ့ခေတ်တွင် သြစတြေးလျနိုင်ငံသားများသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့်
အသားတကျနေထိုင်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှု ဒီဂရီတိုင်းကို မိမိတို့လျော့နည်းအောင်
လုပ်ဆောင်သွားနိုင်မည်ဆိုပါက အနာဂတ်မျိုးဆက်သစ်များကို ကူညီရာရောက်မည်ဖြစ်ကြောင်းနှင့် ဆိုးရွားသောဖြစ်စဉ်များကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း
ရာသီဥတုပြောင်းလဲမှုနှင့် စွမ်းအင်ဝန်ကြီး ခရစ်ဘိုးဝမ်က ထုတ်ပြန်ချက်တွင် ပြောကြားလိုက်သည်။
ဆင်ဟွာ
No comments