မြန်မာ့စားသုံးဆီကဏ္ဍ အလားအလာ
မာမာ(စက်မှု)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော
စီးပွားရေးစနစ်ဖြင့် ရပ်တည်နေသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုက
နိုင်ငံ့စီးပွားရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံ့လူဦးရေ၏ နေ့စဉ်စားသုံးမှုအတွက်
အဓိကကျသော စားသုံးဆီဖူလုံရေးသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ
တည်ငြိမ်မှုအတွက် အလွန်ပင်အရေးကြီး ပါသည်။
မြန်မာနိုင်ငံသည် ဆီထွက်သီးနှံများဖြစ်သည့်
မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ် တို့ကဲ့သို့သော သက်တမ်းတို ရာသီဆီထွက်သီးနှံများအပြင်
ဆီအုန်းကဲ့သို့သော ဆီထွက်နှစ်ရှည်ပင်များ ကိုပါ စိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေ၊ မြေ၊
ရာသီ ဥတုကို ပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံ၏ မတူညီ သော ရာသီဥတုဒေသများတွင် မတူညီသော
ဆီထွက်သီးနှံများကို စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ပြီး တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်သည့်
အလားအလာရှိပါသည်။ အော်ဂဲနစ်နှင့် သဘာဝထွက်ကုန်များ အဖြစ် ဖန်တီးနိုင်သည့် အလားအလာမြင့်မားပါသည်။
မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာကို အများဆုံး စိုက်ပျိုးပြီး နှမ်းစိုက်ပျိုးထုတ်လုပ်မှုတွင်
ကမ္ဘာ့အဆင့် ၄၊ မြေပဲစိုက်ပျိုးထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် ၆ တွင် ရပ်တည်နေပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ
နှမ်းမျိုးစုံတန်ချိန် ၇၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ
၁၁၄ သန်းရရှိခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှမ်းတန်ချိန် ၉၀၀၀၀ ခန့် တင်ပို့နိုင်ရန်
မျှော်မှန်းထားပြီး ၀င်ငွေအမေရိကန် ဒေါ်လာ ၁၆၃ သန်း မျှော်မှန်းထားကာ လက်ရှိဘဏ္ဍာ ရေးနှစ်
ပထမသုံးလပတ် (ဧပြီ-ဇွန်) တွင် နှမ်းမျိုးစုံ တန်ချိန် ၆၀၀၀ ခန့် တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်
ဒေါ်လာ ၈ ဒသမ ၁ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်များအသင်းမှ
သိရှိ ရပါသည်။ မြန်မာနိုင်ငံမှ နှမ်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံ၊
ကိုရီးယားသမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ကိုလည်း တင်ပို့လျက်ရှိပါသည်။
ပြည်တွင်း၌ အများဆုံးထုတ်လုပ်သည့်
စားသုံးဆီများ၏ အားသာချက်များ
မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းနှင့်
ပန်းနှမ်းတို့တွင် မြေပဲသည် တစ်ဧကအထွက်နှုန်း အမြင့်ဆုံးဖြစ်ပါ သည်။ နေကြာသည်လည်း ဆီထွက်ရှိမှုတွင်
မြေပဲနှင့် နှမ်းတို့အား ယှဉ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုသည် ဆီထွက်သီးနှံသုံးမျိုး
စိုက်ပျိုးမှုအတွက် သင့်တော်ပါသည်။ မြေပဲ၊ နှမ်း၊ နေကြာတို့ သည် ကာလတို ရာသီသီးနှံများဖြစ်သည့်အတွက်
သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ပါသည်။ ယင်းက တောင်သူများနှင့် နိုင်ငံတော်အတွက် ဆီထွက်သီးနှံ
စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်း တစ်ရပ်ဖြစ်ပါသည်။
မြေပဲသည် တစ်ဧကအထွက်နှုန်းများသဖြင့်
ဆီအထွက်နှုန်းလည်း များသည်။ ပြည်တွင်း စားသုံးမှုတွင်လည်း မြေပဲဆီကို ကြိုက်နှစ်သက်မှုများသည်။
ဆီကြိတ်စက်များကလည်း မြေပဲကို အများဆုံး ကြိတ်ခွဲကြသည်။ ကျန်းမာရေးနှင့် အာဟာရဘက်မှကြည့်လျှင်လည်း
မြေပဲဆီတွင် အာဟာရဓာတ် မိုနိုမပြည့်ဝဆီ ၄၆ ဂရမ်၊ ပိုလီမပြည့်ဝဆီ ၃၂ ဂရမ် ပါဝင်ပြီး
ကျန်းမာရေးအတွက် မကောင်းသော ပြည့်ဝဆီမှာ ၁၇ ဂရမ်ခန့်သာ ပါဝင်သည်ဟု သိရပါသည်။ မြေပဲ၏
အားသာချက်တစ်ခုမှာ အချို့သော ဆီများကဲ့သို့ အရောင်အနံ့ချွတ်ရန် မလိုအပ်ဘဲ သဘာဝအတိုင်း
ကြိတ်ခွဲ ထုတ်လုပ်နိုင်သဖြင့် သဘာဝအရောင်၊ အရသာများအတိုင်း ရရှိစေပါသည်။ မြေပဲတွင်
အဓိက သတိပြုရမည်မှာ မခြောက်သွေ့လျှင် အာဖလာတောက်ဆင်မှိုဆိပ် ပါဝင်လာနိုင်ကြောင်း သိရပါသည်။
နေကြာဆီကို ကျန်းမာရေးနှင့် ညီညွတ်သောကြောင့်
စားသုံးသူများ ကြိုက်နှစ်သက်မှုများ လာနေပါသည်။ ပုံမှန်နေကြာဆီ ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ
(အိုမီဂါ-၃နှင့် အိုမီဂါ-၆) ၆၅ ဒသမ ၇ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုမီဂါ-၉၊ အိုးလီရစ်အက်စစ်)
၁၉ ဒသမ ၅ ဂရမ်၊ ပြည့်ဝဆီ ၁၀ ဒသမ ၃ ဂရမ်တို့ ပါဝင်ပါသည်။ နေကြာဆီ၏ ရူပဓာတုဂုဏ်သတ္တိများတွင်
အိုင်အိုဒင်းတန်ဖိုး ၇၈ မှ ၁၂၂ ဂရမ် /၁၀၀ ဂရမ် အထိ ပါဝင်နေသည်ကို တွေ့ရကြောင်းသိရသဖြင့်
နေကြာဆီသည် မြေပဲဆီထက်ပင် ကျန်းမာရေး နှင့် ညီညွတ်သည်ဟု ဆိုနိုင်ပါသည်။ နေကြာဆီ၏ အားသာချက်တစ်ခုမှာ
အာဖလာတောက်ဆင်မှိုဆိပ် လုံးဝကင်းစင်ခြင်းဖြစ်သည်ဟု သိရပါသည်။ မှိုဆိပ်ကင်းစင်သည့်အပြင်
ဗီတာမင်ကေနှင့် ဗီတာမင်အီး ကြွယ်ဝခြင်း၊ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အိုမီဂါ-၃
နှင့် အိုမီဂါ-၉ တို့ များစွာပါဝင် ကြောင်းသိရပါသည်။
နှမ်းဆီ ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များတွင်
မိုနိုမပြည့်ဝဆီ (အိုးလီရစ်အက်စစ်) ၄၂ ဂရမ်၊ ပိုလီမပြည့်ဝဆီ (လီနိုလီရစ်အက်စစ်) ၄၃
ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်နှင့် ဗီတာမင်ကေနှင့် အီးတို့ ပါဝင်ကြပါသည်။ ကိုလက်စထရောလည်း
မပါဝင်ပါ။ အိုင်အိုဒင်းတန်ဖိုးမှာလည်း ၁၀၄ မှ ၁၂၀ ဂရမ် / ၁၀၀ ဂရမ် အထိပါဝင်ကြပါသည်။
နှမ်းကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသကဲ့သို့
နှမ်းဆီစားသုံးမှု လည်းများပါသည်။
အထက်ပါ မြေပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီတို့
အပြင် ပဲပုပ်ဆီ၊ ပန်းနှမ်းဆီ၊ ဖွဲနုဆီနှင့် ပြောင်းဆီ တို့မှာလည်း မြန်မာနိုင်ငံအတွင်း
ထုတ်လုပ်နိုင်ကြပြီး စားသုံးရန်သင့်တော်သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ အရွယ်တင်နုပျိုခြင်း
စသောအချက်များကိုလည်း ဤဆီများထဲတွင် တွေ့နိုင်ပါသည်။
ပြည်ပမှတင်သွင်းနေရသည့် စားအုန်းဆီ
၁၀၀ ဂရမ်တွင် ပြည့်ဝဆီ ၅၄ ဒသမ ၃ ဂရမ်နှင့် မိုနိုမပြည့်ဝဆီ ၃၆ ဒသမ ၆ ဂရမ်နှင့် ပိုလီမပြည့်ဝဆီ
၉ ဂရမ်ခန့်သာ ပါဝင်ပါသည်။ စားအုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီမှာမူ မကောင်းကျိုးဘက်သို့ပို၍သက်ရောက်သည်ဟု
သိရပါသည်။ အခြားသော ဗီတာမင် ဓာတ်များလည်း ပါဝင်မှုမရှိဟု သိရပါသည်။ အိုင်အိုဒင်းတန်ဖိုးမှာ
ပုံမှန်အားဖြင့် ၅၀ မှ ၅၅ ဂရမ်ခန့်သာ ပါဝင်ပါသည်။ စားအုန်းဆီကို နေ့စဉ်ချက်ပြုတ် စားသောက်ရာတွင်သုံးပါက
သွေးကြောအတွင်း အဆီများစုလာကာ သွေးကြောများကျဉ်းလာမည်ဖြစ်ပါသည်။ ထို့ကြောင့် သွေးတိုးရောဂါ၊
နှလုံးသွေးကြောကျဉ်း ရောဂါများဖြစ်လာကာ နောက်ဆက်တွဲရောဂါအဖြစ် နှလုံးသွေးကြောပိတ်၍
နှလုံးကြွက်သားများ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ကြောင်း
သိရှိရပါသည်။
ကျန်းမာရေးထိခိုက်ပါက ကြီးမားသော ဆေးကုသစရိတ်ကိုပါ ထပ်မံကုန်ကျမည်ဖြစ်ပါသည်။
ထို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းနေသော စားအုန်းဆီအစား ပြည်တွင်းထုတ်
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုအားပေးဝယ်ယူစားသုံးသင့်ပါသည်။
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြည်တွင်းဈေးကွက်တွင်
လုံလောက်စွာရရှိရန် ဆီစက်များ များများ လည်ပတ်နိုင်ရန် လိုအပ်ပါသည်။ ပြည်တွင်းတွင်
ဆီစက်များ တိုးတက်လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းလည်း တိုးတက်လာနိုင်ပါသည်။
ပြည်တွင်းစားသုံးဆီ လိုအပ်ချက်
၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ
မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းကို အခြေခံ၍ တစ်ဦးလျှင် တစ်နှစ်ဆီခြောက်ပိဿာ (သို့)
၉ ဒသမ ၆ ကီလိုဂရမ် စားသုံးသည်ဟု ယူဆ တွက်ချက်ပါက နိုင်ငံတော်၏ နှစ်စဉ်စားသုံးဆီ လိုအပ်ချက်မှာ
ဆီတန်ချိန် ၅ ဒသမ ၀၃ သိန်း ရှိပါသည်။
ဆီထွက်သီးနှံထွက်ရှိမှု ခန့်မှန်းချက်
(၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏
အချက်အလက်များအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံများ၏ အသားတင်ထွက်ရှိမှုမှာ
အတော်အတန် ကောင်းမွန်လိမ့်မည်ဟု မျှော်မှန်းရပါသည်။ ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ၊
နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ်တို့ကို ၈၆၉၁၁၄၃ ဧက စိုက်ပျိုးရန်လျာထားပြီး
လျာထားအထွက်နှုန်းအရ မျိုး၊ အလေအလွင့်နှင့် အခြားအသုံးများ ချန်ပြီး ဆီကုန်ကြမ်းများကို
ကြိတ်ခွဲပါက စားသုံးဆီတန်ချိန် ၈ ဒသမ ၆ သိန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက်ရပါသည်။
ဆီထွက်သီးနှံ ကုန်ကြမ်းအားလုံးကို စားသုံးဆီ ထုတ်လုပ်မည် ဆိုပါက နိုင်ငံ၏ ဆီဖူလုံမှုသည်
၁၇၂ ရာခိုင်နှုန်း ရှိမည်ဖြစ်ပါသည်။ ဤ အချက်သည် ပြည်တွင်းလိုအပ်ချက်ထက်ပိုလျှံသော ကုန်ကြမ်းပမာဏရှိနေကြောင်း
ညွှန်ပြနေပါသည်။
စားသုံးဆီထုတ်လုပ်မှုကဏ္ဍ
မြန်မာနိုင်ငံ၏ စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကို
ပုဂ္ဂလိကကဏ္ဍက အဓိကဦးဆောင်လျက် ရှိပါသည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၏
၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းများအရ မှတ်ပုံ တင်ထားသော ပုဂ္ဂလိက ဆီကြိတ်စက်ရုံပေါင်း ၃၀၀၇
ရုံ ရှိပါသည်။ ၎င်းတို့ကို စက်စွမ်းအားအလိုက် ခွဲခြားပါက အကြီးစားစက်ရုံ ၂၉၇ ရုံ၊ အလတ်စား
စက်ရုံ ၁၂၅၇ ရုံနှင့် အငယ်စားစက်ရုံ ၁၄၅၃ ရုံ ဖြစ်ပါ သည်။ မှတ်ပုံတင်ထားသော ဆီကြိတ်စက်ရုံအများစု
မှာ အလတ်စားနှင့် အငယ်စားစက်ရုံများဖြစ်ကြ ပြီး အကြီးစားဆီကြိတ်စက်ရုံသည် ၁၀ ရာခိုင်နှုန်း
ခန့်သာရှိကြောင်း တွေ့ရပါသည်။ ထုတ်လုပ်မှုတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပဲပုပ်၊
ဝါစေ့နှင့် ဆီအုန်းဆီကြမ်းတို့ ပါဝင်သည်။ ပြည်တွင်းဆီစက် များမှ မြေပဲဆီကို အများဆုံး
ကြိတ်ခွဲထုတ်လုပ်ပါသည်။ ဆီကြိတ်စက်များကို ဆီထွက်သီးနှံ စိုက်ဧက များသော မန္တလေးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ တွင် အများဆုံး
တည်ထောင်ကြပါသည်။
လက်ရှိထုတ်လုပ်နိုင်မှုနှင့် စွမ်းရည်အခြေအနေ
ဆီကြိတ်စက်ရုံများ၏ စက်စွမ်းအားအရ တစ်ရက်လျှင်
ရှစ်နာရီတစ်ဆိုင်း အလုပ်လုပ်ကိုင်ပါက ခန့်မှန်း တစ်နှစ်စားသုံးဆီတန်ချိန် ၂၅၁၀၁၁ တန်
ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ တစ်ရက်လျှင် ရှစ်နာရီ နှစ်ဆိုင်းတိုး၍ အလုပ်လုပ်ကိုင်ပါက
တစ်နှစ်စားသုံးဆီ တန်ချိန် ၄၆၉၈၇၃ တန်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ရှစ်နာရီသုံးဆိုင်း
အလုပ်လုပ်ကိုင်ပါက တစ်နှစ်စားသုံးဆီ တန်ချိန် ၆၈၈၇၃၆ တန် ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။
လက်ရှိတွင် လျှပ်စစ်မီးရရှိမှုအရ ဆီကြိတ်ခွဲထုတ်လုပ်နိုင်မှုမှာ တစ်နှစ် စားသုံးဆီ
တန်ချိန် ၂၂၀၃၇၂ တန်ဖြစ်ပါသည်။ စက်ရုံများ၏ လက်တွေ့ထုတ်လုပ်နိုင်မှုသည် လျှပ်စစ်မီး
ရရှိမှုအချိန်ကြာချိန် (Operating Hours) အပေါ် တိုက်ရိုက်မူတည်နေပါသည်။ လျှပ်စစ်မီး
၂၄ နာရီ ရရှိပါက ထုတ်လုပ်နိုင်စွမ်းသည် သိသိသာသာ မြင့်တက်လာနိုင်ပါသည်။ ဤအချက်သည် စွမ်းရည်
ပြည့်ဝစွာ အသုံးချနိုင်ရန် စွမ်းအင်အခြေခံအဆောက်အအုံ၏ အရေးပါမှုကို တွေ့မြင်နိုင်ပါသည်။
ထုတ်လုပ်နိုင်မှုနှင့် လိုအပ်ချက်ကြား
ကွာဟမှု
သို့ရာတွင် ကုန်ကြမ်းပေါများမှုသည်
ထုတ်လုပ်နိုင်မှုနှင့် အတူတူမဟုတ်ပါ။ လက်ရှိလျှပ်စစ်မီးရရှိမှု အခြေအနေပေါ်မူတည်သော
ကြိတ်ခွဲနိုင်မှုစွမ်းရည်သည် ရှိသမျှကုန်ကြမ်း၏ ၂၅ ရာခိုင်နှုန်းခန့်နှင့် ပြည်တွင်း
လိုအပ်ချက်၏ ၄၄ ရာခိုင်နှုန်းခန့်သာရှိသည်။ အကယ်၍ စက်ရုံများသည် ရှစ်နာရီ နှစ်ဆိုင်း
(၁၆ နာရီ) အထိအလုပ်လုပ်နိုင်ပါက ထုတ်လုပ်နိုင်မှုမှာ ရှိသမျှကုန်ကြမ်း၏ ၅၀ ရာခိုင်နှုန်း၊
ပြည်တွင်းလိုအပ်ချက်၏ ၉၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး ရှစ်နာရီ သုံးဆိုင်း
(၂၄ နာရီ) အထိ အလုပ်လုပ်နိုင်ပါက ထုတ်လုပ်နိုင်မှုမှာ ရှိသမျှကုန်ကြမ်း၏ ၇၈ ရာခိုင်နှုန်းခန့်၊
ပြည်တွင်းလိုအပ်ချက်၏ ၁၃၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းတွက်ချက်ရသည်။
ဤသည်မှာ ပြည်တွင်းဆီ ဖူလုံရေးအတွက် စွမ်းအင်ဖူလုံရေးနှင့် စက်ရုံများ၏ အချိန်ပိုလည်ပတ်နိုင်မှု
စွမ်းရည်ကို မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း ဖော်ပြနေပါသည်။
ပိုလျှံမှုနှင့် ပြည်ပပို့ကုန်အလားအလာ
ပြည်တွင်းတွင် စားသုံးဆီထုတ်လုပ်မှု
လုံလောက်မှုမရှိသေးသဖြင့် စားအုန်းဆီကို တင်သွင်းနေရဆဲ ဖြစ်ပါသည်။ လက်ရှိကြိတ်ခွဲနိုင်မှုထက်
ပိုလျှံနေသော ဆီထွက်သီးနှံကုန်ကြမ်း အထူးသဖြင့် မြေပဲနှင့် နှမ်းကို ပြည်ပသို့တင်ပို့ခြင်းဖြင့်
နိုင်ငံခြားဝင်ငွေ ရရှိနိုင်ပါသည်။ ပြည်တွင်း ကြိတ်ခွဲနိုင်မှုထက် ပိုလျှံသော မြေပဲဆန်နှင့်နှမ်းကို
ပြည်ပသို့တင်ပို့ခြင်းဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေ ရရှိမည်ဟု ခန့်မှန်းရပါသည်။
ဤဝင်ငွေသည် ပြည်တွင်းတွင် မလုံလောက်သေးသော စားအုန်းဆီကို တင်သွင်းရန် လိုအပ်သည့် ကုန်ကျစရိတ်ထက်
သိသိသာသာပိုမိုမြင့်မားနေပါသည်။ လက်ရှိ ထုတ်လုပ်နိုင်မှုနှင့် လိုအပ်ချက်ကို နှိုင်းယှဉ်ကြည့်ပါက
စားအုန်းဆီတင်သွင်းရန် လိုအပ်နေသေးသော် လည်း ပိုလျှံသော မြေပဲနှင့်နှမ်းကုန်ကြမ်းများကို
တင်ပို့ခြင်းဖြင့် ရရှိလာမည့်ဝင်ငွေက သွင်းကုန် ကုန်ကျစရိတ်ထက် ကျော်လွန်နေသဖြင့် နိုင်ငံအတွက်
ပို့ကုန်ဝင်ငွေ တိုးမြှင့်ရရှိနိုင်စေမည်ဖြစ်ပါသည်။ ထိုသို့ကုန်ကြမ်းအဖြစ်သာ ပြည်ပတင်ပို့မည်ဆိုပါက
နိုင်ငံ၏ စက်မှုလုပ်ငန်းတန်ဖိုးမြှင့်တင်နိုင်စွမ်း (Value Addition) ကို အားနည်းစေမည်
ဖြစ်ပါသည်။
ပြည်တွင်းတွင် စားသုံးဆီလုံလောက်အောင်
မထုတ်လုပ်နိုင်သေးခင် ကာလတိုအနေဖြင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက် ဖူလုံရန်အတွက်
စားအုန်းဆီကို ပြည်ပမှတင်သွင်းနေရမည်ဖြစ်ပြီး ပြည်တွင်း ထုတ် မြေပဲဆီနှင့်ရောနှောကာ
ရောနှောဆီအဖြစ် ထုတ်လုပ်ပါက ဈေးနှုန်းအသင့်အတင့်ဖြင့် ကျန်းမာရေးအတွက် ထိခိုက်မှုနည်းစေမည်ဖြစ်ပါသည်။
ကာလလတ်နှင့် ကာလရှည်တို့တွင် ပြည်တွင်း ရှိ ကုန်ကြမ်းများဖြင့် စားသုံးဆီကို ဖူလုံအောင်ထုတ်လုပ်နိုင်ရန်နှင့်
ပြည်ပသို့တင်ပို့နိုင်ရန် ဆောင်ရွက်ပြီး နိုင်ငံ၏စက်မှုလုပ်ငန်းတန်ဖိုး မြှင့်တင်ရန်
ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဆီကြိတ်စက်များအပေါ်
သုံးသပ်ချက်
မြန်မာနိုင်ငံတွင် ဆီကြိတ်စက်များကို
အများအားဖြင့် အသေးစား၊ အလတ်စား ဆီကြိတ်စက်များ အဖြစ်တွေ့ရှိရပြီး အနည်းငယ်သာ အကြီးစားစက်ရုံများ
(၁၀ ရာခိုင်နှုန်း)အဖြစ် တွေ့ရှိရပါသည်။ ဆီကြိတ် စက်လုပ်ငန်းသည် ပြည်တွင်းစားသုံးဆီ
လိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေးပြီး ပြည်ပ တင်ပို့မှုအတွက် အလားအလာရှိသော်လည်း အရည်အသွေးနှင့်ပတ်သက်၍
အားနည်းချက်များ ရှိနေပါသည်။
ပြည်တွင်းဆီကြိတ်စက်များအနေဖြင့် နှမ်း၊
မြေပဲ၊ နေကြာစသည့် ကုန်ကြမ်းများကို ပြည်တွင်း တွင်ပင် စိုက်ပျိုးထုတ်လုပ်နေသဖြင့်
ကုန်ကြမ်းရရှိရန်လွယ်ကူပြီး ကုန်ကျစရိတ် သက်သာခြင်း၊ စားသုံးမှုများ သဖြင့် ပြည်တွင်းဈေးကွက်
ကြီးမားခြင်း၊ ဆီကြိတ်ခြင်းသည် ရိုးရာလုပ်ငန်းတစ်ခုဖြစ်ပြီး အတွေ့အကြုံရှိသော လုပ်သားအင်အားရှိခြင်းနှင့်
ပြည်တွင်းထုတ်ကုန်ကြမ်းနှင့် လုပ်အားခစရိတ် သက်သာမှုတို့ကြောင့် ဈေးနှုန်းအားဖြင့်
ယှဉ်ပြိုင် နိုင်ခြင်းစသည့် အားသာချက်များရှိပါသည်။
သို့သော် ဆီကြိတ်စက်အများစုမှာ ရိုးရာနည်းလမ်းများကိုသာ
အသုံးပြုနေကြပြီး ခေတ်မီသော Solvent Extraction နည်းပညာသုံး စက်ရုံကြီးများ ရှားပါးပါသည်။
ထို့ကြောင့် ဆီထွက်နှုန်းနိမ့်ကျပြီး စက်ရုံကြီးများနှင့် ယှဉ်ပြိုင်နိုင်မှု နည်းပါသည်။
စက်ရုံငယ်များတွင် ထုတ်လုပ်မှုစံချိန်စံညွှန်း မရှိ သလောက်ဖြစ်ပြီး ဆီ၏ အရောင်၊ အနံ့၊
အရသာ၊ အနည်အနှစ် စသည်တို့ ကွဲပြားမှုရှိနေတတ်ပါသည်။ ခေတ်နောက်ကျသော ကြိတ်ခွဲနည်းများကြောင့်
ဆီကြိတ်ဖတ်တွင် ဆီဓာတ်အကြွင်းအကျန် များစွာ ပါဝင်နေတတ်ပြီး အရည်အသွေးနိမ့်သော တိရစ္ဆာန်
အစာအဖြစ် ဈေးကွက်တွင် တန်ဖိုး လျော့နည်းစေပါသည်။
ပြည်တွင်းတွင်သာမက ပြည်ပဈေးကွက်သို့ပါ
ဝင်ရောက်နိုင်ရန်အတွက် ဆီကြိတ်စက်လုပ်ငန်း များအား နည်းပညာအဆင့်မြှင့်တင်ခြင်း၊ စံချိန်
စံညွှန်းများ သတ်မှတ်ခြင်းနှင့် အရည်အသွေးအား အစဉ်အမြဲ စောင့်ကြည့်ထိန်းသိမ်းခြင်းတို့သည်
မဖြစ်မနေလိုအပ်သော အချက်များဖြစ်ပါသည်။ ဤသို့ ပြုလုပ်နိုင်ပါက ပြည်တွင်းစားသုံးသူများ
အတွက် ကျန်းမာရေးနှင့် ပိုမိုညီညွတ်သော စားသုံးဆီများ ထုတ်လုပ်ပေးနိုင်ရုံသာမက ဆီနှင့်ဆီကြိတ်ဖတ်၏
ဈေးကွက်တန်ဖိုးမြင့်တက်ကာ နိုင်ငံခြား ဝင်ငွေလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။
စားသုံးဆီကဏ္ဍစိန်ခေါ်မှုများ
မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍသည် အခွင့်အလမ်းများနှင့်အတူ
စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် နေရသည် -
(က) စွမ်းအင်အခက်အခဲ။ လျှပ်စစ်မီး မလုံ
လောက်မှုသည် ထုတ်လုပ်မှုစွမ်းရည်ကို အကြီးမားဆုံး ဟန့်တားနေသောအချက် ဖြစ်ပါသည်။
( ခ ) တန်ဖိုးမြှင့်တင်နိုင်မှု အားနည်းခြင်း။
ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချရခြင်းထက် ပြည်တွင်းတွင် ကြိတ်ခွဲပြီး ပြည်ပသို့ ဆီအဖြစ်
(သို့) ပြုပြင်ထုပ်ပိုးပြီး တင်ပို့နိုင်ရန် လိုအပ်ပါသည်။
( ဂ ) စက်ပစ္စည်းများ ခေတ်မီတိုးတက်ရန်လိုအပ်ခြင်း။
အငယ်စားနှင့် အလတ်စား စက်ရုံများစွာတွင် ခေတ်မီသော နည်းပညာနှင့် စက်ကိရိယာများ လိုအပ်နေဆဲဖြစ်သည်။
(ဃ) ဈေးကွက်ဆိုင်ရာ စိန်ခေါ်မှုများ။
ကမ္ဘာ့ဈေးကွက်ပြောင်းလဲမှုများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် ကိုက်ညီရန် လိုအပ်ချက်များကို
ဖြည့်ဆည်းရန် လိုအပ်ပါသည်။
ဆောင်ရွက်ရန်အချက်များ
ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်သော
စားသုံးဆီကဏ္ဍတစ်ရပ် ဖြစ်ပေါ်လာစေရန် အောက်ပါ အချက်များကို ဆောင်ရွက်သင့်ပါသည်-
(က) စွမ်းအင်ဖူလုံရေး ဖြေရှင်းခြင်း။
ဆီစက်ရုံများအတွက် လျှပ်စစ်မီးဖူလုံရေး (သို့) ဒီဇယ်အင်ဂျင် ကဲ့သို့သော အခြားစွမ်းအင်
အရင်းအမြစ်များအား ထောက်ပံ့ပေးရန်။
(ခ) စက်ရုံများ၏ စွမ်းရည်မြှင့်တင်ခြင်း။
စက်ရုံ များအား ရှစ်နာရီမှ ၁၆ နာရီ (သို့) ၂၄ နာရီ အထိ လည်ပတ်နိုင်ရန် ကူညီအားပေး ခြင်းဖြင့်
ထုတ်လုပ်မှုစွမ်းရည်ကို သိသိ သာသာ မြှင့်တင်နိုင်ပါသည်။
(ဂ) တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း။
ကုန်ကြမ်းများကို ပြည်တွင်းတွင် ကြိတ်ခွဲပြီး ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေကို
ပိုမိုရရှိစေနိုင်သည်။ ရောနှောဆီများ ထုတ်လုပ်ခြင်းဖြင့် စားအုန်းဆီတင်သွင်း မှုကို
လျှော့ချနိုင်ပါသည်။
(ဃ) ငွေကြေးထောက်ပံ့မှု။ စက်ရုံများအတွက်
ချေးငွေအခွင့်အလမ်းများ ဖန်တီးပေးခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
(င) နည်းပညာနှင့် စက်ပစ္စည်း အဆင့်မြှင့်တင်ခြင်း။
ခေတ်မီကြိတ်ခွဲနည်းပညာများ မိတ်ဆက်ပေးခြင်း၊ ဆီထွက်နှုန်း မြင့်မားပြီး အရည်အသွေးကောင်းမွန်သော
ခေတ်မီ ကြိတ်ခွဲစက်များသို့ အဆင့် မြှင့်တင်ခြင်း၊ ဆီသန့်စင်ခြင်း လုပ်ငန်းစဉ်အတွက်
စက်ကိရိယာများ (ဥပမာ- အနည်ထိုင် စက်၊ အနံ့ပျောက်စက်၊ ရောင်ခြယ်စက်) တပ်ဆင်အသုံးပြုခြင်း၊
( စ ) အရည်အသွေးထိန်းချုပ်မှုစနစ် တည်ဆောက်ခြင်း။
စက်ရုံတိုင်းတွင် အခြေခံ အရည်အသွေး စစ်ဆေးသည့် ကိရိယာများ (Moisture Meter, Oil
Content Tester, FFA Testing Kit) ထားရှိခြင်း၊ ကနဦး ကုန်ကြမ်း (နှမ်း၊ မြေပဲ)၏ အရည်အသွေး၊
စိုထိုင်းဆစစ်ဆေးခြင်းမှစတင်၍ ထုတ် လုပ်မှုအဆင့်ဆင့်နှင့် နောက်ဆုံးထုတ်ကုန် အထိ စနစ်တကျစစ်ဆေးမှုပြုလုပ်ခြင်း၊
(ဆ) ကောင်းမွန်သော ထုတ်လုပ်မှုဆိုင်ရာ
အလေ့အထများ (Good Manufacturing Practices - GMP) ကျင့်သုံးခြင်း။ စက်ရုံ သန့်ရှင်းရေး၊
လုပ်သားကျန်းမာရေး၊ ကုန်ကြမ်းသိုလှောင်မှု စသည့် စံချိန်များ သတ်မှတ်ကျင့်သုံးရန်၊
ဆီမှိုတက်ခြင်း ကဲ့သို့သော ကျန်းမာရေးအန္တရာယ်ကို လျှော့ချနိုင်ရန် ကုန်ကြမ်းများကို
စနစ် တကျ ခြောက်သွေ့အောင် ပြုလုပ်ခြင်းနှင့် သိုလှောင်ခြင်း၊
( ဇ ) ဈေးကွက်ချဲ့ထွင်ခြင်း။ ထုတ်လုပ်လာနိုင် သော ပိုလျှံဆီများအတွက်
နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ဆောင် ရွက်ရန်လိုအပ်ပါသည်။ ဆီကြိတ်ခွဲ တင်ပို့
သူများအနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်း အသိအမှတ်ပြု လက်မှတ်များရရှိအောင် ဆောင်ရွက်၍
အရည်အသွေးအာမခံချက် ရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော
မောင်းနှင်အား
မြန်မာနိုင်ငံသည် စားသုံးဆီဖူလုံရေးအတွက်
လိုအပ်သော ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစွမ်းရည် နှစ်ခုစလုံး ရှိနေသော်လည်း ယင်းစွမ်းရည်များကို
အပြည့်အဝအသုံးချနိုင်ရန် စွမ်းအင်အခြေခံ အဆောက် အအုံနှင့် စက်မှုနည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို
ဖြေရှင်းရန်လိုအပ်ပါသည်။ ပုဂ္ဂလိက ကဏ္ဍနှင့်
အစိုးရတို့ပူးပေါင်းဆောင်ရွက်ပါက ပြည်တွင်းစားသုံးဆီဖူလုံရေးကိုသာမက ပို့ကုန်တင်ပို့မှုမှ
တစ်ဆင့် နိုင်ငံခြားဝင်ငွေတိုးတက်ရေးကိုပါ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းရ
ပါသည်။ မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍသည် လက်ရှိတွင် ပြည်ပတင်သွင်းဆီအပေါ် မူတည်နေသော်လည်း
စားသုံးမှု ပုံစံပြောင်းလဲလာခြင်းနှင့် နည်းပညာတိုးတက်မှုအလားအလာများ တိုးလာပါက တည်တံ့တည်မြဲသော
ဈေးကွက်တစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါသည်။
ထို့ကြောင့် အနာဂတ်အလားအလာအတွက် အဓိကအချက်မှာ
နိုင်ငံတွင်းထုတ်လုပ်မှုစွမ်းရည် တိုးချဲ့မှုနှင့် ကျန်းမာရေးအလေးပေးသော စားသုံးဆီ
ဈေးကွက်ဖွံ့ဖြိုးမှုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စားသုံး ဆီကဏ္ဍသည် အနာဂတ်တွင် နိုင်ငံ၏စီးပွားရေးအတွက်
အရေးပါသော မောင်းနှင်အားတစ်ရပ် ဖြစ်လာစေရန် အလားအလာ အပြည့်အဝရှိနေပသည်။
No comments