ကမ္ဘောဒီးယားနိုင်ငံ ယခုနှစ် ပထမရှစ်လအတွင်း စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၂ ဘီလီယံရရှိ
စက်တင်ဘာ ၁၀
ကမ္ဘောဒီးယားသည်
၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၁၀ ဒသမ ၃၇ သန်း တင်ပို့ခဲ့ရာ
လွန်ခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း
စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ
သြဂုတ်လအတွင်း ကုန်စည်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၆၂ ဘီလီယံ ရရှိခဲ့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပို့ကုန်များဖြစ်သော
အဓိက လယ်ယာထွက်ကုန်များမှာ ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ သရက်သီး၊ ငှက်ပျောသီးအဝါ၊ ငရုတ်ကောင်း၊
သီဟိုဠ်စေ့၊ တောကြက်မောက်သီးနှင့် ပြောင်း စသည်တို့ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးသည်
နိုင်ငံ၏ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများတင်ပို့ခြင်း၊ ခရီးသွားလုပ်ငန်းနှင့်
ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေတို့အပြင် စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးရပ်အနက်မှ
တစ်ခုဖြစ်သည်ဟု သိရသည်။
စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က တရုတ်နိုင်ငံသည်
ကမ္ဘောဒီးယားထုတ်ကုန်များအထူးသဖြင့် အလားအလာရှိသော စိုက်ပျိုးရေး ထွက်ကုန်များအတွက်
ကြီးမားသောစျေးကွက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments