ကမ္ဘောဒီးယားနိုင်ငံ၌ ဇန်နဝါရီမှ သြဂုတ်လအတွင်း အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း တင်ပို့မှု ၁၉ ရာခိုင်နှုန်း မြင့်တက်
စက်တင်ဘာ ၁၉
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၇ ဘီလီယံတန်ဖိုးရှိ အထည်ချုပ်၊ အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများကို တင်ပို့ခဲ့ရာ ယမန်နှစ် အလားတူကာလကတင်ပို့မှု အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၁ ဘီလီယံမှ ၁၉ ရာခိုင်နှုန်း တိုးလာသည်ဟု တရားဝင် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၃ ဘီလီယံတန်ဖိုးရှိ အထည်အလိပ်များ တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၁၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြုစုထားသည့် အစီရင်ခံစာအရ ဒေါ်လာ ၄၄၉ သန်းတန်ဖိုးရှိ အထည်အလိပ်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခဲ့ရာ ၃၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ဖိနပ်များကိုတင်ပို့ခဲ့ရာ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး၊ ခရီးသွား ကုန်ပစ္စည်းများနှင့် အိတ်များသည် ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံနှင့်ညီမျှသော နိုင်ငံတကာဈေးကွက်များသို့ ရောင်းချခဲ့ကာ ၆ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အထည်ချုပ်၊ အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း ကဏ္ဍသည် နိုင်ငံအတွက် နိုင်ငံခြားငွေ အများဆုံး ရရှိသည်။ လက်ရှိတွင် စက်ရုံအလုပ်ရုံနှင့် ဘဏ်ခွဲပေါင်း ၁၅၀၀ ကျော်ရှိပြီး အလုပ်သမား ၉ သိန်းကျော်ရှိကာ အများစုမှာ အမျိုးသမီးများဖြစ်သည်ဟု အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အထည်ချုပ်၊ အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း လုပ်ငန်းအတွက် လစဉ် အနိမ့်ဆုံး လုပ်ခလစာကို လက်ရှိ ၂၀၈ ဒေါ်လာမှ ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၂၁၀ သို့ တိုးမြှင့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ကြေညာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments