ကမ္ဘောဒီးယားနိုင်ငံ၌ အထည်ချုပ်လုပ်ငန်းအတွက် လစဉ်အနိမ့်ဆုံးလုပ်ခကို ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၀ သို့ တိုးမြှင့်မည်
စက်တင်ဘာ ၁၈
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းလုပ်ငန်းအတွက် အနိမ့်ဆုံးလုပ်ခလစာအသစ်ကို ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၀ သတ်မှတ်ထားကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်တွင် လစဉ် အနိမ့်ဆုံးလုပ်ခကို လက်ရှိ ၂၀၈ ဒေါ်လာကနေ ၂၁၀ ဒေါ်လာအထိ အထည်အလိပ်၊ အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းနှင့် အိတ်လုပ်ငန်းက အလုပ်သမားများအတွက် တိုးမြှင့်ထားကြောင်း ၎င်း၏တရားဝင် လူမှုမီဒီယာပလက်ဖောင်းပေါ်တွင် ရေးသားထားသည်။ အနည်းဆုံးအခကြေးငွေအသစ်သည် ဇန်နဝါရီ ၁ရက်၊ ၂၀၂၆ ခုနှစ်မှစတင်ကာအသက်ဝင်မည်ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးနှင့် ငှားရမ်းခအတွက် တစ်လလျှင် အပို ၇ ဒေါ်လာ၊ လုပ်သက်ဆုကြေး တစ်လလျှင် ၂ ဒေါ်လာမှ ၁၁ ဒေါ်လာနှင့် အနိမ့်ဆုံးလစာအပြင် အလုပ်သမားများ ပုံမှန်အလုပ်တက်ပါကတစ်လလျှင် အပို ၁၀ ဒေါ်လာအပါအဝင် အခြားသော လစဉ်ခံစားခွင့်များကိုလည်း ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားလာရေး ကုန်စည်ကဏ္ဍတွင် လုပ်သား ၉၀၀၀၀၀ ခန့်ရှိပြီး စက်ရုံခွဲပေါင်း ၁၅၀၀ ကျော် ပါဝင်ကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာနကပြောကြားသည်။
၂၀၂၅ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအတွင်း ထိုကုန်ပစ္စည်းများကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၂ ဘီလီယံ တင်ပို့ခဲ့ရာ ယမန်နှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄ ဘီလီယံထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု အကောက်ခွန်နှင့် ယစ်မျိုးဦးစီးဌာန၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments