ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၁၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ
အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝါဝါမောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည်
ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)၏ အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊
အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်မှသာလျှင် သန့်ရှင်းသောအစိုးရနှင့်
ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို ဦးတည်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ “ကာကွယ်ခြင်းသည်
ကုသခြင်းထက်ကောင်းသည်” ဟူသော စကားရပ်နှင့်အညီ အဂတိလိုက်စားမှုများ
ပေါ်ပေါက်မှ စုံစမ်းစစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ခြင်းထက် အဂတိလိုက်စားမှုများမဖြစ်အောင်
ကြိုတင်တားဆီး ကာကွယ်ရန်လိုအပ်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး
ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့်
အခမ်းအနားမှရရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့
ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက
ဝန်ကြီးဌာနအနေဖြင့် မိမိတို့ ဝန်ကြီး ဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ
အသိပညာ ဗဟုသုတများ ထပ်ဆင့်မျှဝေပေးရန်နှင့် လူငယ်များအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး
အခြေခံကောင်းများ သင်ကြားပြသပေးရန် တိုက်တွန်းပြောကြားပြီး ကော်မရှင်ရုံးမှတာဝန်ရှိသူများက
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေများကို
ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းသည်
ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှု
တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏
လုပ်ငန်းအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို သုံးသပ်တင်ပြဆွေးနွေးခဲ့ ကြောင်းသိရသည်။
သတင်းစဉ်
No comments