(၂၂)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၀
မလေးရှားတပ်မတော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့်
(၂၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ASEAN
Chiefs of Defence Forces Meeting - 22nd ACDFM) ကို ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့ရှိ Intercontinental Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ
နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း)
ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်စပ်အစည်းအဝေးများ
ဖြစ်သည့် (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (15th
ASEAN Military Operations Meeting -15th AMOM)နှင့် (၂၂) ကြိမ်မြောက် အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး
(22nd ASEAN Military Intelligence Meeting – 22nd AMIM) များသို့ ပါဝင်တက်ရောက်ခဲ့ကြသည့်
မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ACDFM) ဥက္ကဋ္ဌ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
General Tan Sri Haji Mohd Nizam bin Haji Jaffar က အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက်
(၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (22nd AMIM)
ဥက္ကဋ္ဌ မလေးရှားတပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Lieutenant General
Dato’ Mohd Razali Bin Alias နှင့် (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ
အစည်း အဝေး (15th AMOM) ဥက္ကဋ္ဌ မလေးရှားတပ်မတော် စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးဌာန ဒုတိယစစ်ဦးစီး
အရာရှိချုပ် Major General Dato’ Indera Zahari bin Mohd Ariffin တို့က အစည်းအဝေး ရလဒ်များကို
ဖတ်ကြားတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် အာဆီယံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “ပြည်စုံကြွယ်ဝမှုနှင့် လုံခြုံမှုတို့အတွက်
အာဆီယံ၏ စည်းလုံးညီညွတ်မှု (ASEAN Unity for Security and Prosperity)” ခေါင်းစဉ်ဖြင့်
နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးကြသည်။
မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏
စည်းလုံးညီညွတ်မှုမှာ အဓိကအရေးပါသည့် အခြေခံ ကဏ္ဍတစ်ရပ်ဖြစ်သည့် “ပြည့်စုံကြွယ်ဝမှုနှင့်
လုံခြုံမှုတို့အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု (ASEAN Unity for Security and
Prosperity)” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အာဆီယံတပ်မတော်များ၏ နှစ်နှစ်တာလုပ်ငန်းစီမံချက်
(၂၀၂၅-၂၀၂၇) {Two Years Work Plan (2025-2027)} အား အတည်ပြုခြင်း၊ (၂၂)ကြိမ်မြောက်
အာဆီယံတပ်မတော်ကာကွယ် ရေးဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Chiefs of Defence
Forces Meeting - 22nd ACDFM) ၏ ပူးတွဲကြေညာချက် (Joint Statement) အား အတည်ပြုခြင်းတို့ကို
ဆောင်ရွက်ခဲ့ကြပြီး ပူးတွဲကြေညာချက် (Joint Statement)ကို အတည်ပြုလက်မှတ်ရေးထိုးကာ
တက်ရောက်လာကြသည့် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး
(22nd ACDFM) ဥက္ကဋ္ဌ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Haji
Mohd Nizam bin Haji Jaffar က အပိတ်မိန့်ခွန်းပြောကြားပြီး (၂၃) ကြိမ်မြောက် အာဆီယံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) အား အလှည့်ကျဥက္ကဋ္ဌအဖြစ်
တာဝန်ယူဆောင်ရွက်မည့် ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Romeo
Saturnino Brawner Jr. ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏အလံ
(ASEAN Flag)တို့ကို လွှဲပြောင်းပေးအပ်ခဲ့ကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားတပ်မတော်
ကာကွယ်ရေးဦးစီးချုပ် General Tan Sri Haji Mohd Nizam bin Haji Jaffar ၊ ထိုင်းဘုရင့်တပ်မတော်
ဒုတိယကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Major General Saichai Kommasith နှင့် ကမ္ဘောဒီးယားဘုရင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့နှင့် သီးခြားစီ Bilateral
Meeting များ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား
ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
အလားတူ ဆက်စပ်အစည်းအဝေးများဖြစ်သော
(၁၅) ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေး မှူးချုပ်များအစည်းအဝေး (15th ASEAN
Military Operations Meeting -15th AMOM)အား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ
Intercontinental Hotel ၌လည်းကောင်း၊ (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး
(22nd ASEAN Military Intelligence Meeting – 22nd AMIM) အား Shangri-La Hotel ၌လည်းကောင်း
စက်တင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့များ အသီးသီးပါဝင်
တက်ရောက်ခဲ့ကြပြီး အာဆီယံ တပ်မတော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်များကို ပိုမိုခိုင်မာစေအောင် တည်ဆောက်နိုင်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments