မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တစ်လလျှင် ဆန်တန်ချိန်သုံးသိန်း ပြည်ပတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်

 



ရန်ကုန် စက်တင်ဘာ ၁၈

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ တစ်လလျှင် ဆန်တန်ချိန်နှစ်သိန်း ပြည်ပသို့ ပုံမှန်တင်ပို့နေပြီး စက်တင်ဘာလတွင် တန်ချိန်နှစ်သိန်း အောက်တိုဘာလမှစ၍ ၂၀၂၆ ခုနှစ် မတ်လအထိ နောက်ပိုင်းလများတွင် တစ်လလျှင် တန်ချိန်သုံးသိန်းစီ ပြည်ပတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာတွင် ဆန်ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ယခု ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် ထပ်မံကျဆင်းရန် မဖြစ်နိုင်ကြောင်း နိုင်ငံတကာဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် ပို့ကုန်ဆောင်ရွက်နေသည့် Exporter ကုမ္ပဏီကြီးများ အနေဖြင့် မိမိတို့ ပုံမှန်ဝယ်ယူနေသော ဒေသရှိ နယ်စက်ပိုင်၊ နယ်ကုန်သည်များနှင့် ချိတ်ဆက်၍ တောင်သူများထံမှ စပါး ဆန်ဝယ်ယူမူများကို အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ဈေးကွက်ဝယ်လိုအားကို မြှင့်တင်ပေးရန်နှင့် ထိုသို့ ဝယ်ယူပြီးစီးမှုအပေါ် သယ်ယူပို့ဆောင်မှု၊ ဆန်ကြိတ်ခွဲမှု၊ ပြည်ပ တင်ပို့မှုစသည့် ကိစ္စရပ်များ၌ ငွေကြေးလုပ်ငန်း အခက်အခဲများ ဖြစ်ပေါ်ပါက အသင်းချုပ်သို့ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်တင်ပြပေးရန်၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မှတ်တမ်းပြုစု ထားရှိပေးနိုင်ရန်နှင့် အဆိုပါ စပါးဆန် ဝယ်ယူစုဆောင်းမှု မှတ်တမ်းကို အသင်းချုပ်၏ export @ mrf.com . mm သို့ အပတ်စဉ် သောကြာနေ့တိုင်း ပေးပို့ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။ 

မျိုးမင်းသူရ

No comments

Powered by Blogger.