ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်(၁) ဓာတ်အားပေးစက် စမ်းသပ်မောင်းနှင်လည်ပတ်နေမှုနှင့် အမှတ် (၂) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်
ရာဂီမုန်တိုင်းကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ
ဓာတ်အားပေးစက်နှစ်လုံးအနက် အမှတ် (၁) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ပြီး စမ်းသပ်မောင်းနှင်
လည်ပတ်နေမှုနှင့် အမှတ် (၂) ဓာတ်အားပေးစက် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံ၌
ကျွမ်းကျင်ပညာရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားပြီး စက်ရုံအဆောက်အအုံအတွင်း
အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည် ပြုပြင်ပြီး စမ်းသပ်မောင်းနှင် လည်ပတ်နေမှုနှင့် အမှတ်
(၂) ဓာတ်အားပေးစက်၏ စက်ပစ္စည်း နှင့် လျှပ်စစ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေတို့ကို
ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက် များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံ
ရှင်းလင်းဆောင်ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် လက်ရှိအချိန်တွင်
နိုင်ငံခြားသား ပညာရှင်များနှင့် တွဲဖက်၍ ဓာတ်အားပေးစက်များ ပြုပြင်ခြင်းလုပ်ငန်းများနှင့်
ဓာတ်အားထုတ်လုပ် မောင်းနှင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့်
ဆောင်ရွက်ရန်လိုအပ်လာပါက ပြုပြင်ထိန်းသိမ်း မောင်းနှင်နိုင်ရန်အတွက် ယခုအချိန်ကတည်းက
ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာ အတွေ့အကြုံများ ရယူ၍ လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း
ပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး
ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့်
ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် တမံအတွင်း ရေဝင်ရောက်မှု၊
နုန်းမြေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တမံကြံ့ခိုင်မှုအခြေအနေကို
စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု
စစ်ဆေးသွားရန်နှင့် တမံလုံခြုံရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်
ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ် နှစ်လုံးဖြင့် စုစုပေါင်း ၁၄၀ မဂ္ဂါဝပ် ကို ၂၃၀ ကေဗွီ အထက်
ပေါင်းလောင်း-နန်ချို ဓာတ်အား လိုင်းဖြင့် နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ တစ်နှစ်လျှင်
လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ် နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့်
မိုးသည်းထန်စွာရွာသွန်း၍ ထူးကဲစွာ ရေဝင် ရောက်မှုကြောင့် ဓာတ်အားပေးစက်ရုံ အဆောက်အအုံအတွင်း
ဓာတ်အားပေးစက် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက်ထပ်များအားလုံး ရေဝင်နစ်မြုပ်ခဲ့သည့်
အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင်
တည်ဆောက်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ အမှတ် (၁) ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်
ကို ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် စမ်းသပ်မောင်းနှင် လည်ပတ်လျက်ရှိပြီး အမှတ် (၂) ဓာတ်အားပေးစက်
၇၀ မဂ္ဂါဝပ်ကိုလည်း အမြန်ဆုံး စမ်းသပ်မောင်းနှင်လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး
ပြုပြင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်
No comments